ဆောင်းပါးရှင် – ဒေါက်တာမိုးသစ်နေ
(ဧရာ၀တီတိုင်းမ်၊ ဩဂုတ် ၉ ရက်)

နွားနို့နဲ့ ဒိန်ချဉ်ဟာ ကျွန်တော်တို့ ကိုယ်ခန္ဓာအတွက် လိုအပ်တဲ့ အဓိက အာဟာရဓာတ်တွေကို ဖြည့်ဆည်းပေးရုံတင်မကဘဲ အစာအိမ်နဲ့ အူလမ်းကြောင်း ကျန်းမာရေးအတွက်ပါ အထူးကောင်းမွန်ပါတယ်။

နွားနို့နဲ့ ဒိန်ချဉ်ရဲ့ အာဟာရတန်ဖိုး၊ ကျန်းမာရေး အကျိုးကျေးဇူးတွေအပြင် စနစ်တကျ သုံးစွဲထိန်းသိမ်းနည်းတွေကို တူတူ လေ့လာကြည့်ကြရအောင်ပါ။

🟥နွားနို့နှင့် ဒိန်ချဉ်၏ အာဟာရတန်ဖိုးများ (Nutritional Values)

နွားနို့ရော ဒိန်ချဉ်မှာပါ ခန္ဓာကိုယ်အတွက် မရှိမဖြစ် လိုအပ်တဲ့ အဓိက အာဟာရဓာတ် (Complete Nutrient Profile) များစွာ ပါဝင်ပါတယ်။

◾️ကယ်လ်စီယမ် (Calcium) နှင့် ဗီတာမင် D
-အရိုးနဲ့ သွားတွေ ခိုင်မာသန်စွမ်းဖို့ အဓိက လိုအပ်တဲ့ ဓာတ်တွေ ဖြစ်ပါတယ်။ ဗီတာမင် D ဖြည့်စွက်ထားတဲ့ နို့နဲ့ ဒိန်ချဉ်က ကယ်လ်စီယမ် စုပ်ယူမှုကို ပိုပြီး အထောက်အကူပြုပါတယ်။

◾️ပရိုတင်း (Protein)
-ကြွက်သားတွေ တည်ဆောက်တာ၊ ပျက်စီးသွားတဲ့ ဆဲလ်တွေကို ပြန်လည်ပြင်ဆင်တာနဲ့ ကိုယ်ခံအားစနစ်ကို အထောက်အကူပြုပါတယ်။ ဒိန်ချဉ် (Greek Yogurt) မှာ နွားနို့ထက် ပရိုတင်းဓာတ် ပိုမိုသိပ်သည်းစွာ ပါဝင်လေ့ရှိပါတယ်။

◾️ဗီတာမင် B12 နှင့် B2 (Riboflavin)
-အာရုံကြောစနစ် ပုံမှန်အလုပ်လုပ်ဖို့၊ သွေးနီဥဆဲလ်တွေ ဖြစ်ပေါ်ဖို့နဲ့ အစားအစာတွေကနေ စွမ်းအင်ထုတ်ယူရာမှာ ကူညီပေးပါတယ်။

◾️ပိုတက်စီယမ်၊ ဖော့စဖရပ်စ်နှင့် ဇင့်
-သွေးပေါင်ချိန် ထိန်းညှိတာ၊ အရိုးကျန်းမာရေးနဲ့ ကိုယ်ခံအားစနစ် ခိုင်မာစေဖို့ အထောက်အကူပြုပါတယ်။

🟥နွားနို့၏ ကျန်းမာရေးကောင်းကျိုး နှင့် အကျိုး ကျေးဇူးများ (Health Benefits)

◾️အရိုးသန်မာခြင်း အရိုးပွရောဂါ ကာကွယ်ခြင်း
-ကလေးငယ်များအတွက် အရပ်ရှည်စေပြီး၊ သက်ကြီးရွယ်အိုများတွင် အရိုးပါး၊ အရိုးပွရောဂါ (Osteoporosis) ဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။

◾️ကောင်းစွာ အိပ်ပျော်စေခြင်း
-နွားနို့တွင် Tryptophan ခေါ် အမိုင်နိုအက်ဆစ်နှင့် ကယ်လ်စီယမ်တို့ ပါဝင်သောကြောင့် အိပ်ရာမဝင်မီ နွားနို့နွေးနွေးတစ်ခွက် သောက်ပေးပါက စိတ်ကို ငြိမ်သက်စေပြီး နှစ်ခြိုက်စွာ အိပ်ပျော်စေပါတယ်။

◾️ကြွက်သား ပြန်လည်အားဖြည့်ပေးခြင်း
-လေ့ကျင့်ခန်း လုပ်ပြီးချိန်တွင် နွားနို့သောက်ပေးပါက ပရိုတင်းနှင့် အီလက်ထရိုလိုင်းများ ပါဝင်သဖြင့် ကြွက်သားများ ပြန်လည်ဆန်းသစ်စေရန် ကူညီပေးပါတယ်။

🟥ဒိန်ချဉ်၏ ထူးခြားသော ကျန်းမာရေး ကောင်းကျိုးများ

◾️အူလမ်းကြောင်း ကျန်းမာရေး (Probiotics)
-ဒိန်ချဉ်မှာ ခန္ဓာကိုယ် ကောင်းကျိုးပြုတဲ့ ဘက်တီးရီးယား (Probiotics) များစွာ ပါဝင်တာကြောင့် အစာချေစနစ်ကို ကောင်းမွန်စေပြီး ဝမ်းချုပ်တာ၊ ဝမ်းလျှောတာ၊ လေပွတာနဲ့ အူလမ်းကြောင်း ရောင်ရမ်းမှုတွေကို သက်သာစေပါတယ်။

◾️Lactose မခံနိုင်သူများ စိတ်ချစွာ သောက်သုံးနိုင်ခြင်း
_Lactose Intolerance ဆိုတာ နွားနို့အတွင်းပါဝင်တဲ့ Lactoseသကြားကို အစာခြေနိုင်တဲ့ Lactase အန်ဇိုင်း မလုံလောက်ခြင်း မပါဝင်ခြင် အခြေအနေဖြစ်ပါတယ်။နွားနို့သောက်ရင် ဗိုက်အောင့်၊ ဝမ်းလျှောတတ်သူတွေ (Lactose Intolerance ရှိသူတွေ) အနေနဲ့ ဒိန်ချဉ်ကို စိတ်ချလက်ချ သောက်သုံးနိုင်ပါတယ်။

အကြောင်းကတော့ ဒိန်ချဉ်ပြုလုပ်စဉ် ဘက်တီးရီးယားတွေက နို့သကြားဓာတ် (Lactose) ကို Lactic Acid အဖြစ် ပြောင်းလဲပေးလိုက်လို့ဖြစ်ပါတယ်။

◾️ကိုယ်ခံအားစနစ် ကောင်းမွန်စေခြင်း
-ဒိန်ချဉ်မှာ ပါဝင်တဲ့ Probiotics တွေဟာ အူလမ်းကြောင်းမှာရှိတဲ့ ကိုယ်ခံအားဆဲလ်တွေကို လှုံ့ဆော်ပေးတာမို့ ကူးစက်ရောဂါတွေ ဖြစ်ပွားမှုကို လျှော့ချပေးပါတယ်။

◾️နွားနို့ကို ပိုးသတ်ခြင်း နည်းလမ်း (Pasteurization)
-အစိမ်းလိုက် ညှစ်ထားတဲ့ နွားနို့မှာ အန္တရာယ်ရှိတဲ့ ရောဂါပိုးမွှားတွေ (E. coli, Salmonella, Listeria) ပါဝင်နိုင်တာမို့ Pasteurization (ပါခြာရိုက် ပိုးသတ်ထားတဲ့) နွားနို့နဲ့ ဒိန်ချဉ်တွေကိုပဲ ရွေးချယ်သောက်သုံးသင့်ပါတယ်။

◾️Pasteurization ဆိုတာ
-နွားနို့ကို သတ်မှတ်အပူချိန်တစ်ခုအထိ (၇၂ ဒီဂရီစင်တီဂရိတ်မှာ ၁၅ စက္ကန့် သို့မဟုတ် ၆၃ ဒီဂရီစင်တီဂရိတ်မှာ မိနစ် ၃၀ ခန့်) အပူပေးပြီး ရုတ်တရက် ပြန်လည်အေးခဲလိုက်တဲ့ ဆေးပညာဆိုင်ရာ ပိုးသတ်နည်းလမ်း ဖြစ်ပါတယ်။

🟥အကျိုးကျေးဇူး

နွားနို့မှာပါတဲ့ အဓိက အာဟာရဓာတ်တွေ မပျက်စီးဘဲ ရောဂါပိုးတွေကို ထိရောက်စွာ ဖယ်ရှားပေးနိုင်ပါတယ်။ ဝယ်ယူလာတဲ့ နွားနို့ဘူးမှာ Pasteurized Milk လို့ ရေးထားရင် ပိုးသန့်ပြီးသားဖြစ်လို့ အစိမ်းသောက်လို့ရပါတယ်။ မပါရင်တော့ ဆူပွက်အောင် သေချာကျိုချက်ပြီးမှ သောက်သုံးရပါမယ်။

ဂရုစိုက်ရမည့် ထိန်းသိမ်းခြင်း နည်းလမ်းများ (Storage & Food Safety)
-နွားနို့နဲ့ ဒိန်ချဉ်ဟာ မြန်မြန်သိုးပုပ်လွယ်တဲ့ အစားအစာတွေ ဖြစ်တာကြောင့် အစားအသောက် ဘေးကင်းရေးအတွက် စနစ်တကျ ထိန်းသိမ်းဖို့ လိုအပ်ပါတယ်။

◾️ရေခဲသေတ္တာထဲမှာ သိမ်းပါ
-နွားနို့နဲ့ ဒိန်ချဉ်ကို အပူချိန် ၄ ဒီဂရီစင်တီဂရိတ်နဲ့ ပိုအေးတဲ့ ရေခဲသေတ္တာ အအေးခန်းထဲမှာ အမြဲသိမ်းဆည်းရပါမယ်။

◾️ရေခဲသေတ္တာ တံခါးဘေးမှာ မထားပါနဲ့
-တံခါးအဖွင့်အပိတ်လုပ်စဉ် အပူချိန် အတက်အကျ ခဏခဏဖြစ်ပြီး အရည်အသွေးကျကာ ပုပ်သိုးလွယ်တာကြောင့် နွားနို့ဘူးတွေကို တံခါးဘေးမှာ မထားဘဲ အတွင်းအကန့်ထဲမှာ စနစ်တကျ ထားရပါမယ်။

◾️အဖုံးသေချာပိတ်ပါ
-အခြားအနံ့အသက်တွေ မဝင်စေဖို့နဲ့ အပြင်က ဘက်တီးရီးယားတွေ မပွားစေဖို့ အဖုံးကို လုံအောင် ပိတ်ထားပါ။

◾️ရက်စွဲ စစ်ဆေးပါ။
-ဘူးပေါ်မှာပါတဲ့ Expiration Date (သက်တမ်းကုန်ဆုံးရက်) ကို အမြဲစစ်ဆေးပြီး ဘူးဖွင့်ပြီးရင် (၃) ရက်အတွင်း အကုန်သောက်သုံးတာ အကောင်းဆုံး ဖြစ်ပါတယ်။

🟥အထူးသတိပြုရန်နှင့် မသောက်သုံးသင့်သည့် အခြေအနေများ (Precautions)

◾️Cow’s Milk Allergy (နွားနို့ဓာတ်မတည့်ခြင်း)
-နွားနို့မှာ ပါဝင်တဲ့ ပရိုတင်းဓာတ်တွေနဲ့ ဓာတ်မတည့်သူတွေမှာ အသက်ရှူရခက်တာ၊ အနီကွက်ထတာတွေ ဖြစ်တတ်တာမို့ နွားနို့ရော ဒိန်ချဉ်ပါ နှစ်မျိုးလုံးကို ရှောင်ကြဉ်ရပါမယ်။

ကျောက်ကပ်ရောဂါ အပြင်းအထန် ခံစားနေရသူများ
ပရိုတင်း၊ ဖော့စဖရပ်စ်နဲ့ ပိုတက်စီယမ်ဓာတ်တွေကို ကန့်သတ်ထားရတဲ့ ကျောက်ကပ်ရောဂါသည်တွေ အနေနဲ့ ဆရာဝန်ရဲ့ အကြံပြုချက်အတိုင်းပဲ သောက်သုံးသင့်ပါတယ်။

နွားနို့နဲ့ ဒိန်ချဉ် ဝယ်ယူရာမှာ သကြားဓာတ် လွန်ကဲစွာထည့်ထားတဲ့ ဒိန်ချဉ်တွေနဲ့ သီးနှံအရသာ ပေါင်းစပ်ထားတဲ့ နွားနို့တွေကို ရှောင်ကြဉ်ပြီး သဘာဝ Plain Yogurt နဲ့ Fresh Milk နို့စိမ်းစစ်စစ်တွေကိုပဲ ရွေးချယ်စားသုံးတာ ကျန်းမာရေးအတွက် အထိရောက်ဆုံး ဖြစ်ပါတယ်။

နေ့စဉ် နွားနို့တစ်ခွက်၊ ဒိန်ချဉ်တစ်ခွက် မှန်မှန် စားသုံးပေးခြင်းဖြင့် ပိုမိုကျန်းမာသန်စွမ်းတဲ့ ဘဝကို တည်ဆောက်ကြပါစို့ ခင်ဗျာ။

နောက်တစ်ပတ်မှာတော့ “မွေးရာပါ G6PD Deficiency ရောဂါ” ဆောင်းပါးကို တင်ဆက်ပေးမှာဖြစ်လို့ အားလုံးပဲ ကျန်းမာရွှင်လန်းကြပါစေ။