ဧရာဝတီတိုင်းမ်
ဩဂုတ် ၉ ရက်
ဧရာဝတီမြစ်ရေသည် မြင်းမူ၊ ပခုက္ကူနှင့် ညောင်ဦးမြို့တို့တွင် လာမည့် ၂၄ နာရီမှ ၃၆ နာရီအတွင်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိလာမည်ဖြစ်သဖြင့် မြစ်ကမ်းဘေးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများ အချိန်မီ ကြိုတင်ရှောင်ရှားကြရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (မိုး/ဇလ) က ယနေ့ ဩဂုတ် ၉ ရက်တွင် အရေးပေါ် သတိပေး ထုတ်ပြန်သည်။
ဧရာဝတီမြစ်ရေသည် မြင်းမူမြို့နှင့် ပခုက္ကူမြို့တို့တွင် စိုးရိမ်ရေမှတ်အောက် ၂ ပေခန့်အလိုသို့ ရောက်ရှိ နေပြီး လာမည့် ၃၆ နာရီအတွင်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း သိရသည်။

ထို့ပြင် ညောင်ဦးမြို့တွင်လည်း ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေမှတ်အောက် ၁ ပေခွဲခန့်အလိုသို့ ရောက်ရှိ နေသဖြင့် လာမည့် ၁ ရက် (၂၄ နာရီ) အတွင်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိလာနိုင်ကြောင်း မိုး/ဇလ သတိပေးထားသည်။
လက်ရှိတွင် ငဝန်မြစ်တာကျိုးပေါက်မှုကြောင့် ဧရာဝတီတိုင်းအတွင်းရှိ လေးမျက်နှာနှင့် ငါးသိုင်းချောင်း မြို့တို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားနေသလို သဖန်းဆိပ်ဆည် ရေပိုလွှဲမှ ရေဖွင့်ချမှုကြောင့် စစ်ကိုင်းတိုင်းရှိ ခင်ဦး၊ ရွှေဘို၊ ဝက်လက်နှင့် ကန့်ဘလူမြို့နယ်တို့ရှိ ကျေးရွာများစွာလည်း ရေနစ် မြုပ်လျက်ရှိသည်။
ထို့ပြင် ဆက်တိုက် မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ဖားကန့်၊ မိုးကုတ်၊ လားရှိုး၊ ကျောက်မဲ၊ ကွန်ဟိန်းနှင့် တာချီလိတ်မြို့တို့တွင်လည်း ရေကြီးရေလျှံမှု ဒဏ်ကို ဆိုးရွားစွာ ခံစားနေရကြောင်း သိရသည်။
ဓာတ်ပုံ – မိုး/ဇလ ၊ လူမှုကွန်ရက်