ဧရာဝတီတိုင်းမ်
ဩဂုတ် ၉ ရက်

 

စစ်လျော်ကြေးပေးရေး အပါအဝင် တောင်းဆိုချက် ၆ ချက်ကို အမေရိကန်က လိုက်လျောခြင်းမ ရှိသေးသရွေ့ ဟော်မုဇ်ရေလက်ကြားကို ဆက်ပိတ်ထားမယ်လို့ အီရန် အမျိုးသားလုံခြုံရေးကောင်စီ အ တွင်းရေးမှူး မိုဟမ်မက်ဘာဂါဇိုဂါဒါက စနေနေ့မှာ ပြောကြားလိုက်ပါတယ်။

 

ရေလက်ကြားကို မူလအတိုင်း ပြန်ဖွင့်ပေးဖို့ အမေရိကန်အနေနဲ့ ဒေသတွင်း စစ်ရေးအရ စွက်ဖက်မှု အားလုံးကို ရပ်တန့်ရမှာဖြစ်ပြီး အီရန်မှ အမေရိကန်တပ်ဖွဲ့အားလုံးကို ပြန်ရုပ်သိမ်းပေးရမှာ ဖြစ်ပါတယ်။ အမေရိကန်က စစ်လျော်ကြေး ပေးလျော်ရမည်ဖြစ်သလို ပိတ်ဆို့အရေးယူမှုတွေကိုလည်း ရုပ်သိမ်း ပေးဖို့ အီရန်က တောင်းဆိုထားပါတယ်။

 

နိုင်ငံရပ်ခြားရှိ ထိန်းချုပ်ခံ အီရန်ရဲ့ ပိုင်ဆိုင်မှုတွေကို ပြန်ထုတ်ပေးဖို့နဲ့ အီရန်အပေါ် ခြိမ်းခြောက် နေမှု တွေကို ရပ်တန့်ဖို့ ဇိုဂါဒါက တောင်းဆိုခဲ့တာပါ။

အီရန် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ပြောရေးဆိုခွင့်ရှိသူက ဟော်မုဇ်ရေလက်ကြားဟာ ယခုအခါ ကုန်သွယ်ရေး လမ်းကြောင်းတစ်ခုထက် သြဇာအာဏာနဲ့ စစ်ပွဲဆိုင်ရာ လက်နက်တစ်ခုအဖြစ် ပြောင်းလဲ သွားပြီလို့ ပြောပါတယ်။

 

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ အမေရိကန်နဲ့ အစ္စရေးတို့က တိုက်ခိုက်ခဲ့ပြီးနောက် အီရန်ဟာ အဆိုပါ ရေလက်ကြားကို တိုက်ခိုက်ရေး လှေငယ်တွေ၊ ဒုံးကျည်တွေနဲ့ ပိတ်ဆို့ပြီး ထိန်းချုပ်ထားလို့ ကမ္ဘာ့ ရေနံဈေး နှုန်းတွေ မြင့်တက်လာခဲ့ပါတယ်။

 

အီရန်ဟာ ရေလက်ကြားကို ဖြတ်သန်းသွားလာတဲ့ သင်္ဘောတွေထံမှ အခကြေးငွေ ကောက်ခံဖို့ စီ စဉ်နေတာကြောင့် သင်္ဘောလုပ်ငန်းရှင်တွေကြား စိုးရိမ်မှုတွေ ထွက်ပေါ်နေပါတယ်။ အီရန်နဲ့ အမေရိ ကန်တို့ကြား စစ်ပွဲကို အဆုံးသတ်ဖို့ အိုမန်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုအရ ရေလက်ကြားကို ဖြတ်သန်းမယ့် သင်္ဘောတွေကို ထိန်းချုပ်ခွင့် အီရန်က ရရှိသွားနိုင်တယ်လို့ သိရပါတယ်။

 

အမေရိကန် အာဏာပိုင်တွေက ကမ္ဘာ့အရေးပါဆုံး စွမ်းအင် သယ်ယူပို့ဆောင်ရေး လမ်းကြောင်းကို အီရန်ရဲ့ ထိန်းချုပ်မှုအောက် ထည့်သွင်းပေးမှာ မဟုတ်ဘူးလို့ ငြင်းဆန်ထားပါတယ်။

 

အီရန် နိုင်ငံခြားရေးဝန်ကြီး အဘက်စ်အာရက်ချီက အိုမန်နဲ့ သဘောတူညီမှုရဖို့ နီးစပ်နေပေမယ့် ရေ လက်ကြားပြန်ဖွင့်ရေးဟာ အမေရိကန်ရဲ့ လျှော်ကြေးပေးရေးအပေါ် မူတည်နေတယ်လို့ ပြောပါတယ်။

 

ကိုးကား – Independent
Ref; Iran says Strait of Hormuz will remain closed until US meets six demands