ဧရာဝတီတိုင်းမ်
ဩဂုတ် ၉ ရက်
ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်အများအပြားတွင် ရေကြီးရေလျှံမှုဖြစ်ပွားနေပြီး ပြည်သူများ ဒုက္ခ ရောက်နေသည်မှာ နှစ်ပတ်နီးပါး ကြာမြင့်နေပြီဖြစ်သော် လည်း ရွေးတုသမ္မတ မင်းအောင်လှိုင်သည် ၎င်း၏ ထိုင်းနိုင်ငံခရီးစဉ်အတွက်သာ ပြင်ဆင်နေခဲ့ပြီး လက်အောက်ခံအဖွဲ့အစည်းများကလည်း ရေကြီးပြီး တစ်ပတ်အကြာမှသာ အစည်းအဝေးများ စတင်ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ထို့ပြင် ရွေးတုသမ္မတ မင်းအောင်လှိုင်သည် ယနေ့ ဩဂုတ် ၉ ရက်နေ့က ရေကြီးရေလျှံမှု အဆိုးဆုံး ဖြစ်နေသည့် ဧရာဝတီတိုင်းသို့ ရောက်ရှိလာခဲ့သော်လည်း ရေလွှမ်းမိုးမှုဒဏ် ခံစားနေရသည့် လေးမျက် နှာမြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပွားနေသဖြင့် အဆိုပါ ဒေသအထိ မသွားဘဲ ခရီးစဉ်ဖျက်သိမ်း ခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။

“သူက ရေကြီးတဲ့ မြေပြင်အခြေအနေကို စစ်ဆေးဖို့ စီစဉ်ထားတာပါ။ ဒါပေမဲ့ လေးမျက်နှာမြို့နယ်ထဲက မြို့နယ်အချို့ဘက်တွေမှာ တိုက်ပွဲတွေဖြစ်နေပြီး တော်လှန်ရေးတပ်တွေ ရှိနေတာကြောင့် ရေဘေး ဒုက္ခကြုံနေရတဲ့ လေးမျက် နှာမြို့နယ်ထဲကို မသွားဘဲ မြို့ပေါ်လောက်ပဲနေပြီး ပြန်တာ” ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ရွေးတုသမ္မတ မင်းအောင်လှိုင်သည် လေးမျက်နှာမြို့နယ်သို့ လာရောက်ကြောင်း ပြသလိုသဖြင့် ရေအနည်းငယ်သာ ကြီးသည့် ကျုံပျော်၊ ဟင်္သာတနှင့် ရေမကြီးသည့် ကန်ကြီးထောင့်၊ ကျောင်းကုန်း၊ ကြံခင်းမြို့နယ် စသည့် ဒေသများကိုပင် မြေပြင်သို့ မဆင်းဘဲ ရဟတ်ယာဉ်ပေါ်မှသာ လိုက်လံ ကြည့်ရှုခဲ့ကြောင်း သိရသည်။

ထို့နောက် ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်အတွင်းမှ ရေဘေးသင့်သူအချို့ကို လဟာပကျေးရွာရှိ ကျောင်း တိုက်သို့ ခေါ်ယူကာ ထောက်ပံ့ပစ္စည်းများ ပေးအပ်သည့် ဟန်ပြတွေ့ဆုံပွဲကိုသာ ပြုလုပ်ခဲ့သည်။
သဘာဝဘေးအန္တရာယ်ကြောင့် ဒေသခံ ပြည်သူအများအပြား နေရပ်စွန့်ခွာရခြင်း၊ စားနပ်ရိက္ခာနှင့် သောက်သုံးရေ အခက်အခဲများ ခါးစည်းခံနေရချိန်တွင် အာဏာသိမ်းစစ်ခေါင်းဆောင် အသွင်ပြောင်း ရွေးတုသမ္မတအနေဖြင့် ထိုင်းခရီးစဉ်ကိုသာ ဦးစားပေးခဲ့ပြီး လက်အောက်ခံ ဌာနဆိုင်ရာများ၏ တုံ့ပြန်မှု နှောင့်နှေးမှုများကြောင့် ဒေသခံများမှာ လွတ်ရာသို့ မိမိတို့အစီအစဉ်ဖြင့် ရွှေ့ပြောင်းခဲ့ကြရသည်။
ရွေးတုအစိုးရ၏ ထုတ်ပြန်ချက်များတွင် ရေဘေးသင့်ပြည်သူများကို ရင်းရင်း နှီးနှီး တွေ့ဆုံခဲ့ကြောင်း သတင်း လွှင့်ထားသော်လည်း လက်တွေ့တွင်မူ ဟန်ပြပွဲများသာဖြစ်ပြီး အမှန်တကယ် ဒုက္ခရောက်နေသည့် ပြည်သူအများစုထံသို့ ထောက် ပံ့ကူညီမှုများ ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိခြင်း မရှိသေးကြောင်း ဒေသခံများက ဆိုသည်။
ဓာတ်ပုံ-ရွေးတုအစိုးရ