ဧရာဝတီတိုင်းမ်
ဩဂုတ် ၉ ရက်
စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်ရှိ သဖန်းဆိပ်ဆည်အတွင်း ရေပြည့်လျှံလာမှုကို ရွေးတုအစိုးရတပ်က ပြည်သူများအား ကြိုတင်အသိပေးခြင်းမရှိဘဲ ရုတ် တရက် ရေဖောက်ချခဲ့သဖြင့် မူးမြစ်တစ်လျှောက်ရှိ မြို့နယ် ၅ မြို့နယ်ထက်မနည်း ရေကြီးရေလျှံမှု အပြင်းအထန် ဖြစ်ပွားကာ ပြည်သူ ရှစ် ဦး သေဆုံးပြီး လူဦးရေ ၁၀,၀၀၀ ကျော် ဘေးလွတ်ရာသို့ အရေးပေါ် ပြောင်းရွှေ့နေရကြောင်း ဒေသခံများနှင့် တော်လှန် ရေးအင်အားစုများထံမှ သိရသည်။
ပြီးခဲ့သည့် ဩဂုတ် ၃ ရက်နေ့မှစ၍ ကန့်ဘလူမြို့နယ် အထက်ပိုင်းတွင် မိုးအဆက်မပြတ် ရွာသွန်းခဲ့ရာ မတ်လအတွင်းက စစ်ကြောင်းထိုး သိမ်းပိုက်ထားသည့် သဖန်းဆိပ်ဆည်၌ တပ်စွဲထားသော စစ်တပ်က ပြီးခဲ့သည့် ဩဂုတ် ၆ ရက်နေ့တွင် ရေထိန်းတံခါးနှင့် ရေပိုလွှဲမှ ရေများကို ရုတ်တရက် လွှတ်ချခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် ကာဘိုးဆည် ရေလွှဲပေါက်များကိုပါ အားလုံးဖွင့်လှစ်ထားရသဖြင့် မူးမြစ်ရေ ရုတ်တရက် မြင့်တက်လာကာ ဩဂုတ်လ ၆ ရက် မွန်းလွဲပိုင်းက ဒီပဲယင်းမြို့နယ်၊ ချောင်းရိုးကျေးရွာတွင် ချောင်းဖြတ်ကူးသည့် ကောက်စိုက်သမ ၁၀ ဦးအနက် ခြောက် ဦး ရေစီးနှင့်မျောပါ သေဆုံးခဲ့ရသလို ကန့်ဘလူမြို့နယ်အတွင်းတွင် လည်း ပြည်သူ နှစ် ဦး ရေနစ်သေဆုံးခဲ့သည်။
အဆိုပါ ရေဖောက်ချမှုကြောင့် ကျွန်းလှ၊ ကန့်ဘလူ၊ တန့်ဆည်၊ ရေဦး၊ ဒီပဲယင်း၊ အရာတော်နှင့် မြင်းမူ စသည့် မူးမြစ်တစ်လျှောက် မြို့နယ်များအပြင် ရွှေဘိုနှင့် ဝက်လက်မြို့နယ်ရှိ လက်ဝဲ/လက်ယာ တူးမြောင်းများမှတစ်ဆင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေပြီး ကျေးရွာပေါင်း ၆၈ ရွာထက်မနည်း ရေဘေးဒဏ် ခံစားနေရသည်။
ဒီပဲယင်းမြို့နယ်ရှိ သပြေသာ၊ လက်ဆည်၊ ရုံးသာ၊ မူးရိုးကုန်း၊ အုတ်ဆည်၊ မြကန်သာ အပါအဝင် ကျေးရွာ ၁၇ ရွာကျော်မှ အိမ်ထောင်စု ၂,၀၀၀ ကျော် (ပြည်သူ ၁၀,၀၀၀ ကျော်) ရေဘေးဒဏ် စတင် ခံစားနေရပြီးရွှေဘိုမြို့နယ် အနောက်ခြမ်းရှိ ကျေးရွာ ၁၈ ရွာအတွင်း ရေဝင်ရောက်လျက်ရှိသည်။

ခင်ဦးမြို့နယ်အနောက်မြောက်ခြမ်း မူးမြစ်အနီးနှင့် DY-1 မူးဘောင်အတွင်းရှိ တာတိုင်၊ ဇီးတော၊ လက်ပံကွက်၊ မူးသာ အပါအဝင် ကျေးရွာ ၁၈ ရွာအတွင်း ရေများ စတင်လွှမ်းမိုးနေသည်။ ဝက်လက် မြို့နယ် အနောက်ခြမ်း မူးမြစ်ကမ်းဘေးရှိ စွယ်ကွေ့၊ မူးကြိုး၊ ဥယျာဉ်သာ အပါအဝင် ကျေးရွာ ၁၅ ရွာအတွင်း ရေဝင်ရောက်နေ၍ စစ်ရှောင်စခန်းများအပါအဝင် ဘေးလွတ်ရာသို့ ထပ်မံတိမ်းရှောင် နေရသည်။
ထို့ပြင် ကန့်ဘလူမြို့နယ်အောက်ပိုင်း မူးမြစ်ကမ်းတစ်လျှောက်ရှိ ကျေးရွာ ၁၄ ရွာမှ ပြည်သူများလည်း ရေဘေးအန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း တော်လှန်ရေးအင်းအားစုများက ဆိုသည်။
လက်ရှိတွင် ကန့်ဘလူမြို့နယ်အတွင်းရှိ မင်းမြင်ဆည်နှင့် ပေကြီးဆည်များပါ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနေသဖြင့် ရေပိုလွှဲနှင့် ရေထိန်းတံခါးများ ဖွင့်ချထားရပြီး ဒါန်းအိုင်၊ လင်ပန်း၊ သိမ်ရင်နှင့် ကျေးပင်အပ်ဆည်များ၏ အခြေအနေကို ပအဖ အဖွဲ့က စောင့်ကြည့်လျက်ရှိသည်။
ရေဘေးကြုံတွေ့နေရသည့် ဒေသခံ ပြည်သူများကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)၊ ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နှင့် ဒေသခံ တော်လှန်ရေးအင်အားစုများ စုပေါင်းကာ အရေးပေါ် ကူညီကယ် ဆယ်ရေးနှင့် စားနပ်ရိက္ခာ ထောက်ပံ့ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
လက်ရှိတွင် သဖန်းဆိပ်ဆည်သို့ ရေအဝင် နည်းသွားသော်လည်း မိုးဆက်လက်ရွာသွန်းပါက ရေထပ်မံ မြင့်တက်လာနိုင်သဖြင့် မူးမြစ်တစ်လျှောက်နှင့် ဆည်အောက်ဘက်ရှိ ပြည်သူများအနေဖြင့် အရေးကြီး ပစ္စည်းများ ကြိုတင်ပြင်ဆင်၍ ဘေးလွတ်ရာသို့ အမြန်ဆုံး တိမ်းရှောင်ကြရန်နှင့် ချောင်းဖြတ် ကူးခြင်း၊ ရေအတွင်း သွားလာခြင်းများကို အထူးဂရုပြု ရှောင်ရှားကြရန် သက်ဆိုင်ရာက တိုက်တွန်း နှိုးဆော်ထားသည်။
ဓာတ်ပုံ-ရွှေဘို ပကဖ