ဧရာဝတီတိုင်းမ်
ဩဂုတ် ၉ ရက်
ဒေါ်အောင်ဆန်းစုကြည်နှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) တို့ တွေ့ဆုံမှုအပေါ် အာဆီယံဥက္ကဋ္ဌ၏ ထုတ်ပြန်ချက်တွင် အထူးကိုယ်စားလှယ် ခန့်အပ်ရေး အပါအဝင် အချို့သော တောင်းဆိုချက်များသည် အချုပ်အခြာ အာဏာကို စွက်ဖက်ခြင်းဖြစ်ပြီး နောက်နောင် အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်သစ် ခန့်အပ်ရေးနှင့် အခန်းကဏ္ဍမှာ လိုအပ်မည်မဟုတ်တော့ကြောင်း ရွေးတုအစိုးရ၏ နိုင်ငံခြားရေးဝန်ကြီးဌာနက ယမန်နေ့ ဩဂုတ် ၈ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။
နိုင်ငံတကာနှင့် ပြည်သူအများစုက လက်ခံခြင်းမရှိသည့် အတုအယောင် ရွေး ကောက်ပွဲမှတစ်ဆင့် ပေါ်ပေါက်လာသည့် အာဏာလု စစ်အုပ်စု၏ ရွေးတုအစိုးရအဖွဲ့က တာဝန်ယူဆောင်ရွက်နေပြီဖြစ်၍ ဒေသတွင်း အထူးကိုယ်စားလှယ် မလိုအပ်တော့ကြောင်း အကြောင်းပြကာ အာဆီယံ၏ တောင်းဆိုချက်များကို ငြင်းပယ်လိုက်ခြင်းဖြစ်သည်။
လွန်ခဲ့သည့် ၅ နှစ်အတွင်း အာဆီယံ အထူးကိုယ်စားလှယ်များနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သော်လည်း လက်ရှိ ဖြစ်ပေါ်တိုးတက်မှုများအရ အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်အသစ် ခန့်အပ်ရန်နှင့် ယင်း၏ အခန်းကဏ္ဍမှာ ဆက်လက် လိုအပ်မည်မဟုတ်ဟု ရွေးတုအစိုးရက ဆိုသည်။
ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်အား ခြွင်းချက်မရှိ လွှတ်ပေးရန်နှင့် ထိန်းသိမ်းခံထားရသူများကို ပိုမိုတွေ့ဆုံခွင့်ပေးရန် အာဆီယံ၏ တောင်းဆိုချက်များသည် တရားစီရင်ရေးနှင့် ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အာဆီယံ၏ ပြည်တွင်းရေး မစွက်ဖက်ရေးဆိုသည့် မူကို အဖွဲ့ဝင်နိုင်ငံများ လေးစားရန် လိုအပ်ကြောင်းနှင့် ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်သည့် လုပ်ရပ်များကို ရှောင်ရှားရန် ရွေးတုအစိုးရက ဖိအားပေး ပြောဆိုထားသည်။
မြန်မာနိုင်ငံအနေဖြင့် အမျိုးသားအကျိုးစီးပွားနှင့် အချုပ်အခြာအာဏာကို အခြေခံသည့် “မြန်မာက ဦးဆောင်သော မြန်မာ့ကိုယ်ပိုင်နည်းလမ်း” ဖြင့်သာ အာဆီယံနှင့် ဆက်ဆံသွားမည်ဟု အဆိုပါ ထုတ်ပြန်ချက်တွင် တုံ့ပြန်ထားသည်။
ဓာတ်ပုံ-ရွေးတုအစိုးရ