‎ဧရာဝတီတိုင်းမ်
‎ဩဂုတ် ၉ရက်

‎ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်အတွင်း လှုပ်ရှားနေသည့် ရွေးတုအစိုးရစစ်တပ် စစ်ကြောင်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ဆုတ်ခွာ ထွက်ပြေးသွားပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်း ရရှိခဲ့ကြောင်း သိရသည်။

KIA တပ်ဖွဲ့များသည် ‎ယမန်နေ့ ဩဂုတ် ၈ ရက်တွင် ရွှေကူမြို့နယ် ငါးဘတ်ကြီးစခန်းမှ ထွက်ခွာလာသည့် စစ်တပ် စစ်ကြောင်းကို ဖြူရလမ်းခွဲ၌ စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

‎”စစ်တပ်ဘက်က ဆုတ်ခွာထွက်ပြေးတယ်။ လက်နက်၊ ခဲယမ်းတွေရလိုက်တယ်လို့ သိရပါတယ်” ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကိုပြောသည်။

‎အဆိုပါ တိုက်ပွဲအတွင်း စစ်တပ်တပ်ဖွဲ့ဝင်များ ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး KIA တပ်ဖွဲ့များဘက်မှ လက်နက်ခဲယမ်းအချို့ကို သိမ်းဆည်း ရရှိခဲ့သည်။

‎ရွှေကူမြို့ပြင်ရှိ စစ်တပ် စခန်းအများစုမှာ KIA ၏ တိုက်ခိုက်မှုကြောင့် စစ်တပ်က ခြေကုတ်စခန်းများ လက် လွှတ်ထားရသည့် အခြေအနေတွင်ရှိနေပြီး ငါးဘတ်ကြီး၊ တော်လှန်၊ ကိုင်းရွာများဘက်တွင်လည်း ပစ်ခတ်မှုများရှိကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) သည် ရွှေကူမြို့နယ်ရှိဒေသခံပြည်သူများကို တိမ်းရှောင်ကြရန်နှင့် စစ်ရေးသတိရှိကြရန် ‎ပြီးခဲ့သည့် ဇွန် ၈ ရက်နေ့တွင် စတင် အသိပေးခဲ့ပြီးနောက် ဇွန် ၉ ရက်တွင် စစ်တပ်က ရှမ်းမြောက် မဘိမ်းရှိ ငါးအိုး ခလရ-၁၂၁ မှနေ၍ စစ်ကြောင်းများခွဲကာ ရွှေကူမြို့နယ်ကို ဦးတည်စေလွှတ်ခဲ့ခြင်းဖြစ်သည်။

‎ထို့နောက် ရွှေကူမြို့နယ်အတွင်း ငါးလမ်းဆုံ၊ လေးလမ်းဆုံတို့ဘက်တွင် တိုက်ပွဲများဖြစ်ပွားလာကာ စစ်တပ်က လေကြောင်းပစ်ကူများပါ အသုံးပြုခဲ့သည်။

‎ပြီးခဲ့သည့် ဩဂုတ် ၃ ရက်တွင်မူ စစ်တပ်၏ ရွှေဘုန်းမြင့်ကျေးရွာ စစ်တပ်ခြေကုတ်စခန်းကို KIA က သိမ်းယူလိုက်ပြီး စစ်တပ် တပ်ဖွဲ့ဝင်များ ကစဉ့်ကလျားထွက်ပြေးကြရကြောင်း သိရသည်။

‎ရွှေကူမြို့နယ်အတွင်းရှိ စစ်တပ် တပ်စခန်းများနှင့် စစ်ကြောင်းများကို KIA နှင့် တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့များက ပိတ်ဆို့ ထိန်းချုပ်နိုင်ရေးအတွက် တိုက်ပွဲများ ဆက်လက် ဖော်ဆောင်လျက်ရှိပြီး ဒေသတွင်း စစ်ရေးအခြေအနေများမှာ ဆက်လက် တင်းမာလျက်ရှိသည်။

ပုံစာ-KIA တပ်ဖွဲ့ဝင်များ (ပုံဟောင်း)