ဧရာဝတီတိုင်းမ်
ဩဂုတ် ၉ ရက်
ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) က နေပြည်တော်တွင် အာဏာသိမ်း ရွေးတုအစိုးရ၏ အမျိုး သားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် ဒုတိယအကြိမ် တွေ့ဆုံ၍ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိစ္စ ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
အာဏာသိမ်းပြီးနောက် အတုအယောင်ရွေးကောက်ပွဲများကျင်းပကာ ပေါ်ပေါက်လာသည့် ရွေးတု အစိုးရ၏ ငြိမ်းချမ်းရေး ဖိတ်ခေါ်ချက်အရ နေပြည်တော်သို့ အစောဆုံး သွားရောက်တွေ့ဆုံခဲ့သည့် SSPP ခေါင်းဆောင်များသည် ပြီးခဲ့သည့် ဩဂုတ် ၇ ရက်တွင်လည်း NSPNC နှင့် ထပ်မံဆွေးနွေးခဲ့ကြောင်း ရွေးတုအစိုးရဘက်က ထုတ်ပြန်ထားသည်။
အဆိုပါ တွေ့ဆုံမှုအတွင်း ပထမအကြိမ် အစည်းအဝေး ဆုံးဖြတ်ချက်များကို အခြေခံဆွေးနွေး၍ SSPP အနေဖြင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ် အခြေခံသည့် ပြည်ထောင်စု ပေါ်ပေါက်လာရေး၊ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်နှင့် ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်နိုင်ရေး “မူ” အား အစဉ်အမြဲ ကိုင်စွဲထားကြောင်း ဒုဥက္ကဋ္ဌ (၃) စဝ်ဆေပိုင်ဖက ဆိုသည်။
ထို့ပြင် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် စိတ်ဆန္ဒရှိ၍ လက်ရှိအနေအထားတွင် ဒေသဖွံ့ဖြိုးရေးအား ကြိုးစားဆောင်ရွက်နေပြီး ရွေးတုအစိုးရတပ်နှင့်လည်း ထိတွေ့တိုက်ပွဲ မရှိသလို အတိတ်ဖြစ်စဉ်များကို အမြဲသင်ခန်းစာယူသည်ဟု စဝ်ဆေပိုင်ဖက ဆွေးနွေးပြောဆိုခဲ့ကြောင်း ရွေးတု အစိုးရ၏ ဝါဒဖြန့်သတင်းစာတွင် ဖော်ပြထားသည်။
ယင်းအခြေအနေများနှင့် ပတ်သက်၍ ဧရာဝတီတိုင်းမ် သတင်းဌာနအနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးဘဲ SSPP ပြောခွင့်ရများထံ ဆက်သွယ်နေဆဲဖြစ်ကာ ရွေးတုအစိုးရကမူ ဝမ်ဟိုင်းဒေသ MPT အင်တာနက်လိုင်းများ ရရှိရေး၊ နယ်မြေကျော်လွန်ခြင်းကိစ္စ၊ ကျားဖြန့် စသည်တို့ကို ဆွေးနွေးခဲ့ကြောင်း ဆိုထားသည်။
အလားတူ ပြီးခဲ့သည့် ဇွန် ၁၂ ရက်တွင် ပြုလုပ်ခဲ့သော ပထမအကြိမ် တွေ့ဆုံမှုအတွင်း SSPP နှင့် ယခင် Bilateral ကိစ္စ၊ တိုက်ပွဲမဖြစ်ရေး၊ နှစ်ဖက်တပ်များ အငြင်းပွားဖွယ်ရာကိစ္စရပ်များ ဖြစ်ပွားလာ ပါကလည်း တွေ့ဆုံညှိနှိုင်းခြင်းဖြင့် ပြေလည်အောင် ဖြေရှင်းရေး၊ မူးယစ်ဆေးဝါးနှင့် ကျားဖြန့်ကိစ္စတို့ ဆွေးနွေးခဲ့ကြောင်း သိရသည်။
ယခင် ၂၀၁၂ ခုနှစ်က ပြည်နယ်နှင့် ပြည်ထောင်စုအဆင့် ပဏာမ အပစ်ရပ်စာချုပ် နှစ်စောင် လက်မှတ်ထိုး ထားသော SSPP တွင် ရှမ်းပြည်တပ်မတော် (SSA) ရှိပြီး မြောက်ပိုင်းညီနောင် မဟာမိတ်အဖွဲ့များဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုနိုင်ငံရေးဆွေးနွေး ညှိနှိုင်းရေးကော်မတီ (FPNCC) အဖွဲ့ဝင်ဖြစ်ကြောင်း သိရသည်။
ယခင် ၂၀၁၂ ခုနှစ်က ပြည်နယ်နှင့် ပြည်ထောင်စုအဆင့် ပဏာမ အပစ်ရပ်စာချုပ် နှစ်စောင် လက်မှတ် ထိုးထားသော SSPP တွင် ရှမ်းပြည်တပ်မတော် (SSA) ရှိပြီး မြောက်ပိုင်းညီနောင် မဟာမိတ်အဖွဲ့များဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုနိုင်ငံရေးဆွေးနွေး ညှိနှိုင်းရေးကော်မတီ (FPNCC) အဖွဲ့ဝင်ဖြစ်ကြောင်း သိရသည်။
FPNCC ကို ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) က ဦးဆောင်ဖွဲ့စည်းထားပြီး တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် (NCA) လက်မှတ်မထိုးထားသည့် အဖွဲ့ဝင် ခုနစ် ဖွဲ့ ပါရှိ၍ တရုတ်အစိုးရ၏ ဖိအားပေးမှုကို ကြုံတွေ့ရင်ဆိုင်နေရသော အဖွဲ့များလည်းဖြစ်ကာ ယင်းအတွက် ရွေးတုအစိုးရနှင့် တွေ့ဆုံနေကြောင်း သိရသည်။
အဆိုပါ အဖွဲ့ဝင် (၇) ဖွဲ့မှာ UWSA၊ SSPP၊ မိုင်းလားတပ်ဖြစ်သည့် အမျိုးသားဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA)၊ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နှင့် ရက္ခိုင့်တပ်တော် (AA) တို့ဖြစ်သည်။
ယင်းတို့အနက် UWSA၊ SSPP၊ NDAA တို့မှလွဲ၍ ကျန်ရှိညီနောင်အဖွဲ့များသည် စစ်အာဏာသိမ်းမှုအလွန် တရားဝင် စာထုတ်ကာ ၁၀၂၇ စစ်ဆင်ရေးအပါအဝင် ခုခံတော်လှန်နေသဖြင့် ရွေးတုအစိုးရ အထိနာ စစ်ရှုံးနေမှုအပေါ် ထောက်ခံကူညီနေသော တရုတ်အစိုးရ၏ ဖိအားပေး၊ ပိတ်ဆို့မှုများ ကြုံနေရသည်။
ထို့နောက် တရုတ်အစိုးရ အကူအညီဖြင့် ရွေးတုအစိုးရ ဖြစ်လာသည့်အခါ နေပြည်တော်သို့ လာရောက်တွေ့ဆုံမှုများထဲ၌ UWSA၊ SSPP မှာ နှစ်ကြိမ်နှင့် NDAA၊ TNLA သည် တစ်ကြိမ်စီရှိပြီး KIA၊ AA တို့ကမူ လက်ရှိအချိန်ထိ အခြားသော EROs၊ တော်လှန်ရေး အင်အားစုများနှင့်အတူ ခုခံတော် လှန်လျက်ရှိသည်။
ဓာတ်ပုံ – MOI