ဆောင်းပါးရှင်-မောင်လူအေး
(ဧရာ၀တီတိုင်းမ်၊ ဩဂုတ် ၈ ရက်)
“မလုပ်ရင် အကောင်းဆုံးပဲ။ ဒါပေမဲ့ ခေတ်အခြေအနေကြောင့် ဝမ်းစာရေးအတွက် လုပ်နေရတာပါ” ဟု ချင်းတွင်းမြစ်အောက်ပိုင်း၌ ရွှေမျှောလုပ်သူ ဆားခါးရွာသား ကိုရဲလင်းမျိုးက ပြောဆိုလိုက်ခြင်းဖြစ်သည်။
ချင်းတွင်းမြစ်တစ်လျှောက်တွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရွှေမျှောတူးဖော်မှုများ သိသိသာသာ တိုးလာခဲ့သည်ဟု ဒေသခံများက ဆိုကြသည်။ ယခင်က စိုက်ပျိုးရေးကိုသာ အဓိကအားထားခဲ့သည့် ကျေးရွာများတွင် ယခုအခါ ရွှေတူးဖော်ခြင်းက တချို့အတွက် အဓိကဝင်ငွေ ရင်းမြစ်တစ်ခု ဖြစ်လာနေသည်။
ချင်းတွင်းမြစ်ဝှမ်းမှာ ရွှေတူးဖော်မှုများ တိုးလာခြင်းသည် ဒေသခံအချို့အတွက် အသက်မွေးဝမ်းကျောင်း ဖြစ်လာသော်လည်း တစ်ချိန်တည်းမှာပင် မြစ်ကြောင်းပြောင်းလဲမှု၊ ကမ်းပါးပြိုကျမှုနှင့် စိုက်ပျိုးမြေ ဆုံးရှုံးမှုများကို ဖြစ်ပေါ်စေသည်ဟု ဒေသခံများက ဆိုကြသည်။
အထူးသဖြင့် ဒေသခံများ၏ အသက်မွေးဝမ်းကျောင်း၊ သဘာဝပတ်ဝန်းကျင် ပျက်စီးမှု၊ ရာသီဥတုဖောက်ပြန် ပြောင်းလဲမှု (Climate Change) နှင့် လက်နက်ကိုင် ပဋိပက္ခကြားမှ အခက်အခဲများကို မည်သို့ ဖြေရှင်းနိုင်မည်ဆိုသည်မှာ စိန်ခေါ်မှုတစ်ရပ် ဖြစ်နေသည်ကို တွေ့ရသည်။
စီးပွားရေးဖိအားက ရွှေတူးဖော်မှုဆီ တွန်းပို့ခြင်း
ချောင်းဦး၊ မုံရွာနှင့် စစ်ကိုင်းဒေသအချို့တွင် ယခင်က စပါး၊ ပဲ၊ နှမ်းနှင့် ကျွန်းစိုက်ပျိုးရေးကို အဓိကလု ပ်ကိုင်ကြသော်လည်း ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လမ်းပမ်းဆက်သွယ်ရေး၊ ကုန်ဈေးနှုန်း နှင့် စိုက်ပျိုးရေး ထုတ်ကုန်ဈေးကွက် မတည်ငြိမ်မှုများကြောင့် တောင်သူများ၏ ဝင်ငွေကျဆင်း လာသည်။
ကိုရဲလင်းမျိုးသည် ယခင်က ဗန်းမော်၊ ရွှေကူဘက်တွင် ရွှေလုပ်ငန်းလုပ်ခဲ့သူဖြစ်ရာ နေရပ်သို့ ပြန်ရောက် ချိန်တွင် စိုက်ပျိုးရေးနှင့် လမ်းပမ်းဆက်သွယ်ရေး ခက်ခဲလာသဖြင့် ရွှေတူးသည့်အလုပ်ကို ပြန်လည်လုပ်ကိုင်နေခြင်းဖြစ်သည်။
“စပါးဈေးနဲ့ မိသားစုစားစရိတ်ကို နှိုင်းယှဉ်လိုက်ရင် မလုံလောက်တော့ဘူး။ ဒါကြောင့် ရွှေမျှောလုပ်ရတာ” ဟု သူက ဆိုသည်။
သူတို့ လုပ်ကိုင်နေသည့် တစ်နိုင်တစ်ပိုင် ရွှေမျှောလုပ်ငန်းမှာ တစ်နေ့လျှင် ရွှေ ၄ ရွှေးမှ ၅ ရွှေးဝန်းကျင်အထိ ရပြီး စက်သုံးဆီ၊ ပြဒါးနှင့် လုပ်ငန်းကုန်ကျစရိတ်များ နုတ်လိုက်ပါက မိသားစု စားဝတ်နေရေးကိုသာ ထောက်ပံ့နိုင်သည့် အခြေအနေဟု ဆိုသည်။
ရွှေတူးဖော်လုပ်ငန်းများတွင် ဒေသခံများကိုယ်တိုင် ပါဝင်လုပ်ကိုင်နေကြသော်လည်း အများစုမှာ စက်ကိရိ ယာ ကုန်ကျစရိတ်ကြီးမားသဖြင့် အရင်းအနှီးရှိသူများသာ အဓိက လုပ်ကိုင်နိုင်ကြသည်။ ရွှေမျှော ဖောင် လုပ်ကိုင်နိုင်သူများမှာ ငွေကျပ်သိန်း ၃၀၀ အထက် ရင်းနှီးမြှုပ်နှံကြရသည်ဟု ဒေသခံများနှင့် တာဝန်ရှိသူ များ၏ ပြောဆိုချက်အရ သိရသည်။
မြစ်ထဲကလုပ်ငန်း၊ မြစ်ကိုပြောင်းလဲစေခြင်း
ချင်းတွင်းမြစ်အတွင်း ရွှေတူးဖော်ရာတွင် တစ်နိုင်တစ်ပိုင် လုပ်ကိုင်သူများသည် “တစ်လုံးထိုးစက်” ဟုခေါ် သည့် ဒီဇယ်အင်ဂျင်ငယ်များကို အသုံးပြုကြသည်။ ထိုစက်များဖြင့် မြစ်အောက်ခြေရှိ သဲနှင့် နုန်းမြေများကို စုပ်ယူခြင်း၊ ကမ်းပါးများကို ရေဖိအားဖြင့်ထိုး၍ မြေသားကို ချေဖျက်ယူခြင်းတို့ ပြုလုပ်ကာ ရွှေကျင် ကြသည်။
နေ့စဉ် မနက် ၆ နာရီမှ ညနေ ၆ နာရီအထိ ရွှေတူးကြပြီး တစ်နေ့လျှင် ဒီဇယ် ၇ ဂါလန်ခန့် အသုံးပြုကြကာ ရွှေမျှောဖောင်အကြီးစားများတွင်မူ တစ်နေ့လျှင် ဒီဇယ်တစ်ပေပါအထိ အသုံးပြု၍ တူးဖော်ကြသည်ဟု ဆိုသည်။
ဒေသခံများ၏ ပြောကြားချက်အရ ယင်းလုပ်ငန်းများကြောင့် မြစ်ကြောင်းသည် တဖြည်းဖြည်း ပြောင်းလဲ လာနေပြီး ကမ်းပါးမြေသား ပျော့လာခြင်း၊ ရေစီးကြောင်းများ ကျေးရွာများဘက်သို့ ဦးတည်လာခြင်းတို့ ဖြစ်ပေါ်နေသည်။
ချင်းတွင်းမြစ်ကမ်းဘေးရှိ ဆားလင်းကြီးမြို့နယ်မှ ဒေသခံတစ်ဦးက “မြစ်ကြောင်းက ကျဉ်းလာတယ်။ ရေကလည်း အရင်လို မသန့်တော့ဘူး။ ရေချိုမရတဲ့သူတွေက မြစ်ရေကို ချက်ပြီး သောက်နေရတယ်” ဟု ပြောသည်။
ရေကြောင်းပြောင်းလဲမှုကြောင့် ရေကျချိန်တွင် ကုန်သင်္ဘောများ သွားလာရန် ခက်ခဲလာပြီး ရေကြီးချိန် တွင်သာ သွားလာနိုင်သည့် အခြေအနေများ ဖြစ်လာနေသည်။ ထို့ပြင် စိုက်ပျိုးရေးလုပ်ငန်းများတွင်လည်း ရေမလောင်းနိုင်ခြင်း၊ ရိတ်သိမ်းခွင့် မရခြင်းတို့ကြောင့် ထိခိုက်မှုများ ရှိလာကြောင်း ဆိုသည်။
“အရင်တုန်းက ကွမ်းဈေးကောင်းချိန်မှာတောင် ကွမ်းမရတာတွေရှိတယ်။ ရေကြောင်း မတည်ငြိမ်တော့ စိုက်ပျိုးရေးလုပ်ရတာလည်း ခက်လာတယ်” ဟု ၎င်းက ဆိုသည်။
ချင်းတွင်းမြစ်အတွင်း ရွှေတူးဖော်မှုများကြောင့် မြစ်ကြောင်း သိမ်ကောလာခြင်း၊ ရေညစ်ညမ်းခြင်းနှင့် ကမ်းပါးပြိုခြင်းများ ဖြစ်ပေါ်နေသည်ဟု ဒေသခံအချို့နှင့် တာဝန်ရှိသူများကလည်း ပြောဆိုကြသည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ချောင်းဦးမြို့နယ် သယံဇာတဌာနမှ ကိုမင်းဇော်က မြို့နယ်အတွင်း ရွှေတူးဖော်ခွင့်ကို တရားဝင် ခွင့်ပြုထားခြင်းမရှိဟု ပြောသည်။ အာဏာမသိမ်းမီ ကာလကလည်း ခွင့်ပြု ထားခြင်း မရှိသလို လက်ရှိတွင်လည်း ခွင့်ပြုချက်မရှိဘဲ လုပ်ကိုင်နေကြခြင်းသာ ဖြစ်ကြောင်း ဆိုသည်။
“ဒီလိုလုပ်ငန်းတွေကြောင့် ရေညစ်ညမ်းမှု၊ ကမ်းပါးပြိုမှုတွေ ဖြစ်နိုင်တယ်။ ဒါပေမဲ့ စနစ်တကျ စောင့်ကြည့်မှု ကတော့ မရှိသေးဘူး၊ လုပ်ဖို့တော့ ကြိုးစားနေကြတယ်” ဟု ကိုမင်းဇော်က ဆက်လက်ပြောကြားသည်။
ရွှေတူးဖော်မှုကို ဒေသခံအဖွဲ့များနှင့် ပူးပေါင်း၍ ဖမ်းဆီးဒဏ်ရိုက်ခြင်းနှင့် ခံဝန်ထိုးခိုင်းခြင်းများသာ ဆောင်ရွက်နေရပြီး ရေရှည်ထိန်းသိမ်းရေး အစီအစဉ်များ မရှိသေးကြောင်း သိရသည်။ ချင်းတွင်းမြစ်သည် ယခင်က တစ်နှစ်ပတ်လုံး ကြည်လင်သန့်ရှင်းခဲ့သော်လည်း ယခုအခါ ရေအရောင် ပြောင်းလဲလာပြီး ညစ်ညမ်းမှုများ ထင်ရှားလာနေသည်ဟု ဒေသခံများက ဆိုကြသည်။
“ပြဒါးအသုံးပြုတာတွေကြောင့် ရေသတ္တဝါတွေ ထိခိုက်နိုင်တယ်” ဟု မင်းကင်းမြို့နယ်မှ ဒေသခံတစ်ဦးက ပြောသည်။
ချင်းတွင်းမြစ်ကမ်းဘေးတွင် ရွှေတူးဖော်မှုများကြောင့် ကမ်းပါးပြိုမှုများ တိုးလာနေပြီး တချို့ရွာများမှာ ရွာလုံးကျွတ် ပြောင်းရွှေ့ရသည့် အခြေအနေများပါ ဖြစ်ပေါ်ခဲ့သည်။
ရွှေတူးဖော်မှုများ အလွန်အကျွံဖြစ်လာခြင်းကြောင့် မြစ်ကြောင်းကျဉ်းလာခြင်း၊ ရေစီးကြောင်းမတည် ငြိမ်ခြင်းတို့ဖြစ်နေပြီး စိုက်ပျိုးမြေများနှင့် ကျေးရွာများအပေါ် သက်ရောက်မှုရှိလာနေသည်ဟု ချောင်းဦး မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) တာဝန်ရှိသူတစ်ဦးကလည်း ဆိုသည်။
“ရွှေဖမ်းတဲ့ပြဒါးတွေကလည်း ရေကိုထိခိုက်စေတယ်။ အကန့်အသတ်နဲ့ပဲ လုပ်သင့်တယ်”ဟု ၎င်းက ပြောသည်။
ယခင်က စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အဓိကလုပ်ကိုင်ခဲ့သော်လည်း လက်ရှိအခြေအနေတွင် ရေကြောင်း မတည်ငြိမ်ခြင်း၊ စိုက်ပျိုးမြေ ဆုံးရှုံးခြင်းနှင့် ဝင်ငွေမလုံလောက်ခြင်းတို့ကြောင့် ရွှေတူး ဖော်မှုအပေါ် မှီခိုလာကြခြင်းဖြစ်သည်။
သို့သော် ဒေသခံများနှင့် တာဝန်ရှိသူများအကြား တူညီသောအမြင်တစ်ခုမှာ တားမြစ်ခြင်း တစ်ခုတည်းဖြင့် မလုံလောက်ခြင်းဖြစ်ပြီး စနစ်တကျ ထိန်းချုပ်မှု၊ ဒေသခံ ပါဝင်မှုနှင့် ရေရှည် အသက်မွေးဝမ်းကျောင်းများ လိုအပ်နေခြင်းဖြစ်သည်။
ချင်းတွင်းမြစ်သည် ဒေသခံများ၏ စိုက်ပျိုးရေး၊ သယ်ယူပို့ဆောင်ရေးနှင့် အသက်မွေးဝမ်းကျောင်း အားလုံးကို ထောက်ပံ့နေသည့် အဓိက အသက်သွေးကြောတစ်ခု ဖြစ်သော်လည်း ယနေ့အချိန်တွင် လူမှုစီးပွား လိုအပ်ချက်နှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအကြား မတည်ငြိမ်သော အခြေအနေတစ်ခုသို့ ရောက်ရှိ နေသည်။
လက်ရှိတွင် မြစ်ကြောင်းအတွင်း ရွှေတူးဖော်သည့် ဆားလင်းကြီး၊ မုံရွာနှင့် ချောင်းဦးမြို့နယ်မှ ၁၄ ဦးကို အသိသက်သေများနှင့်တကွ ခံဝန်ထိုးခိုင်းကာ ချောင်းဦးမြို့နယ် ပကဖက လုပ်ငန်းများကို ရပ်တန့်ခိုင်း ထားသည်။
“စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်တဲ့ နေရာပါ။ အရင်တုန်းက လမ်းတို့၊ လုံခြုံရေးတို့ ကောင်းတုန်းက လုပ်ကြတယ်။ အခုလည်း စိုက်ပျိုးရေးနဲ့ မွေးမြူရေးကို ပြန်လည်အစားထိုးလုပ်ဖို့ ဒေသခံတွေက အားပေး ကြတယ်” ဟု ချောင်းဦးမြို့နယ် ပကဖမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ပုဏ္ဏမော်ရွာနှင့် ဘောဂကျွန်းရွာ၏ ဆုံးရှုံးမှု
မုံရွာမြို့နယ် ပုဏ္ဏမော်ရွာနှင့် ဘောဂကျွန်းရွာသည် ချင်းတွင်းမြစ်ကမ်းဘေးတွင် တည်ရှိခဲ့သည့် ရွာများ ဖြစ်သော်လည်း ရွှေတူးဖော်မှုများ တိုးလာပြီးနောက် ကမ်းပါးပြိုကျမှုများ ဖြစ်ပေါ်လာကာ နောက်ဆုံးတွင် ရွာလုံးကျွတ် ပြောင်းရွှေ့ခဲ့ရသည်။
အာဏာသိမ်းပြီးနောက် ကျွန်းစိုက်ပျိုးမြေ ဧက ၉၀ ကျော် ဆုံးရှုံးခဲ့ပြီး ကမ်းပါးပြိုကျမှုမှာ ရွာနေရာအထိ ရောက်လာ၍ ဒေသခံများအတွက် အဓိက ဝင်ငွေဖြစ်သည့် စိုက်ပျိုးရေးလုပ်ငန်းများ ဆက်လက်လုပ်ကိုင်ရန် ခက်ခဲလာခြင်းကြောင့် ပုဏ္ဏမော်ရွာ ဒေသခံများနှင့် ရွှေမျှောလုပ်သူများအကြား ပြဿနာများ ဖြစ်ပွားခဲ့သည်။
ပုဏ္ဏမော်ရွာ ဒေသခံတစ်ဦးက “တစ်အိမ်ပြီးတစ်အိမ် ပြိုလာတာနဲ့ ရွှေ့နေရတာပဲ။ ဒီတစ်အိမ်ဖျက်ရင် ကိုယ့်အိမ်ပါသွားမှာစိုးလို့ ဖျက်ရတာတွေ ဖြစ်ခဲ့တယ်။ နောက်ဆုံးတော့ ရွာလုံးကျွတ် ပြောင်းလိုက်ရတယ်။ အခုဆို နှစ်နှစ်ကျော်လောက် ရှိပြီ” ဟု ပြောသည်။
ယနေ့အချိန်တွင် ပုဏ္ဏမော်ရွာသည် ချောင်းဦးမြို့နယ်ဘက်သို့ ကပ်၍ အခြေချ နေထိုင်နေရသည့် အခြေအနေ ဖြစ်ကာ၊ ဘောဂကျွန်းရွာမှာ ရွာလုံးကျွတ် ပျောက်ကွယ်သွားပြီး ဆားလင်းကြီးမြို့နယ်ဘက်သို့ ပြောင်းရွှေ့ လိုက်ရသည်။
ဘောဂကျွန်းရွာ ဒေသခံတစ်ဦးက “ရွှေမျှောတွေက ပိတ်တိုက်တော့ မြစ်ကြောင်းတွေ တိမ်ကောတယ်။ တိမ်ကောတော့ ရေက တစ်နေရာတည်း လှိမ့်စီးတယ်။ လှိမ့်စီးတော့ ကမ်းပါးတွေက အကုန်ပြို၊ အဲဒီလို ပုံစံမျိုးတွေ ဖြစ်ကုန်တာ” ဟု ပြောသည်။
ဒေသခံများသည် ရေကာတာများရိုက်၍ ကာကွယ်ရန် ကြိုးပမ်းခဲ့သော်လည်း ကမ်းပါးပြိုကျခြင်းကြောင့် ထိရောက်မှု မရှိခဲ့ပေ။ လက်ရှိတွင်လည်း ရွာရွှေ့ပြောင်းရမှုများကြောင့် စီးပွားရေးအခြေအနေများ ကျဆင်း နေ၍ ကာကွယ်ထိန်းသိမ်းရေး လုပ်ငန်းများကို စနစ်တကျ မလုပ်နိုင်တော့သည့် အခြေအနေ ဖြစ်နေသည်။
ပုဏ္ဏမော် ဒေသခံများမှာ စိုက်ပျိုးရေးနှင့် ကျွန်းမြေလုပ်ငန်းမှ တဖြည်းဖြည်း ဝင်ငွေကျဆင်းလာပြီး ဖျာရက်လုပ်ခြင်း၊ ရာသီအလိုက် ပဲ၊ နှမ်း၊ ကြာပန်းနှင့် အခြားသီးနှံ လုပ်ငန်းများကိုသာ အစားထိုး လုပ်ကိုင် လာကြရသည်။ သို့သော် အဆိုပါ လုပ်ငန်းများသည် အမြဲတမ်းဝင်ငွေ မဟုတ်သဖြင့် ဒေသခံများ၏ စီးပွားရေး တည်ငြိမ်မှုမှာ အားနည်းနေဆဲဖြစ်သည်။
ငါးလုပ်ငန်း၊ ရေကြောင်းနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများ
ဒေသခံများအဆိုအရ ရွှေတူးဖော်မှုများကြောင့် ချင်းတွင်းမြစ်ရေသည် ယခင်ကကဲ့သို့ မသန့်ရှင်းတော့ဘဲ အရောင်ပြောင်းလဲမှုနှင့် ညစ်ညမ်းမှုများ ဖြစ်ပေါ်လာကာ ငါးပမာဏလည်း လျော့နည်းလာကြောင်း ပြောဆို ကြသည်။
ချောင်းဦး ဒေသခံတစ်ဦးက “အရင်လို ငါးမရတော့ဘူး။ ရေကလည်း မသန့်တော့ဘူး။ အရောင်တွေပါ ပြောင်း နေတယ်” ဟု ဆိုသည်။
ချင်းတွင်းမြစ်အတွင်း ရွှေတူးဖော်ရာတွင် သဲနုန်းနှင့်အတူ ပြဒါးကဲ့သို့သော ဓာတုပစ္စည်းများ အသုံးပြုမှုများ ကြောင့် ရေအရည်အသွေး ထိခိုက်နိုင်၍ ဒေသခံများက စိုးရိမ်နေကြသည်။
“ရွှေတူးတဲ့သူတွေကို တာဝန်ရှိသူတွေက လာဖမ်းတယ်၊ ဒဏ်ရိုက်တယ်။ ဒါပေမဲ့ ပြန်လွှတ်တော့ ပြန်လုပ်နေ ကြတာပဲ” ဟု ဒေသခံတစ်ဦးက ပြောသည်။
အနာဂတ်အတွက် ဒေသခံများ၏ စိုးရိမ်ချက်
ချင်းတွင်းမြစ်ဝှမ်းတွင် ရွှေတူးဖော်မှုကြောင့် မြစ်ကြောင်းပြောင်းလဲခြင်းနှင့် ကမ်းပါးပြိုကျမှုများကို ဒေသခံများက စိုးရိမ်နေကြရသည်။
ရာသီဥတုပြောင်းလဲမှုကြောင့် ပိုမိုပြင်းထန်လာသည့် မိုးသည်းထန်စွာ ရွာသွန်းမှုများသည် ရွှေတူးဖော်ရေး လုပ်ငန်းများမှ စွန့်ပစ်မြေစာနှင့် နုန်းများကို မိုးရေနှင့်အတူ သယ်ဆောင်လာကာ အောက်ပိုင်းကျေးရွာများ ရွှံ့နွံဘေးအန္တရာယ် ကြုံတွေ့ရမည်ကိုလည်း စိုးရိမ်နေကြရသည်။
ထို့ကြောင့် ဒေသခံများအနေဖြင့် ရွှေတူးဖော်မှုကို အကန့်အသတ်ဖြင့် ထိန်းချုပ်ရန်နှင့် သဘာဝပတ်ဝန်းကျင် ပြန်လည်ထိန်းသိမ်းရန် လိုအပ်နေပြီဟု ယူဆကြသည်။ ချင်းတွင်းမြစ်ဝှမ်းကို ကာကွယ်ထိန်းသိမ်းရေးသည် ရွှေတူးဖော်မှုကို ထိန်းချုပ်ခြင်း တစ်ခုတည်း မဟုတ်ဘဲ ရာသီဥတုပြောင်းလဲမှုကြောင့် ပိုမိုပြင်းထန်လာမည့် ရေဘေးအန္တရာယ်များကိုပါ ထည့်သွင်းစဉ်းစားသည့် စီမံခန့်ခွဲမှု လိုအပ်လာပြီဖြစ်သည်။
ကမ်းပါးပြိုကျမှု ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး
ကမ်းပါးပြိုကျမှု အန္တရာယ်ကို လျှော့ချနိုင်ရန် အဓိက လိုအပ်ချက်မှာ မြစ်အတွင်း ရွှေတူးဖော်မှုကို ထိရောက် စွာ စီမံခန့်ခွဲ ထိန်းသိမ်းနိုင်ခြင်းဖြစ်သည်ဟု ဒေသခံများနှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက ယူဆကြသည်။
ရွှေတူးဖော်သူများမှာ ဒေသခံပြည်သူများ ဖြစ်သလို၊ ကမ်းပါးပြိုကျမှုကြောင့် အိမ်ရာ၊ စိုက်ပျိုးမြေနှင့် အသက် မွေးဝမ်းကျောင်းများ ဆုံးရှုံးနေရသူများမှာလည်း ဒေသခံပြည်သူများပင် ဖြစ်သည်။ ထို့ကြောင့် တစ်ဖက်၏ အကျိုးအမြတ်ကြောင့် အခြားတစ်ဖက် ထိခိုက်နစ်နာမှု မဖြစ်စေရန် လူထုအချင်းချင်း ပူးပေါင်းဖြေရှင်းရန် လိုအပ်သည်ဟု ဆိုသည်။
ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက “စိုက်ပျိုးမြေ ဆုံးရှုံးရတဲ့ ရွာတွေကို မပြိုသေးတဲ့ ရွာတွေနဲ့ညှိပြီး ကျွန်းမြေကို ယာယီမျှဝေသုံးစွဲဖို့ လုပ်ရမယ်” ဟု ပြောသည်။
အချို့နေရာများတွင် ကမ်းပါးမပြိုစေရန်ပိုက်များနှင့် ကျောက်ချကာကွယ်ခြင်း၊ အန္တရာယ်ရှိသော နေရာများကို အသိပေးခြင်းများ ဆောင်ရွက်နေကာ အန္တရာယ်မြင့်မားသည့် ရွာများကို လုံခြုံသည့်နေရာသို့ ရွှေ့ပြောင်းပေးရန် လိုအပ်သည်ဟု ဆိုသည်။
လက်ရှိတွင် ဒေသခံများသည် ကျွန်းမြေများကို သတ်မှတ်ဧကများဖြင့် ခွဲဝေယူထားကြသော်လည်း ကမ်းပါးပြိုကျမှုကြောင့် မြေယာဆုံးရှုံးသွားသူများအား အခက်အခဲကာလအတွင်း ယာယီ မျှဝေအသုံးပြုခွင့် ပေးနိုင်ပါက လူမှုဒုက္ခများကို လျော့ပါးစေနိုင်မည်ဟု ဆိုသည်။ သို့သော် ယင်းအစီအစဉ်သည် ရေရှည်တွင် မြေပိုင်ဆိုင်မှု အငြင်းပွားမှုများ ဖြစ်ပေါ်လာနိုင်သဖြင့် သက်ဆိုင်သူများအကြား သဘောတူညီမှုဖြင့် စနစ်တကျ အကောင်အထည်ဖော်ရန် လိုအပ်ကြောင်းလည်း ထောက်ပြသည်။
ထို့အပြင် နောက်ထပ်ရွာများ ထပ်မံမပြိုကျစေရန် ဒေသခံများအချင်းချင်း သတိပေးခြင်းနှင့် အသိပညာ ပေးခြင်းများလည်း ဆက်လက် လုပ်ဆောင်နေကြသည်။
“လူနည်းစုတစ်စုရဲ့ အကျိုးစီးပွားအတွက် ဖြစ်နေသလား၊ ဒေသတစ်ခုလုံးရဲ့ အကျိုးစီးပွားအတွက်လား ဆိုတာကို သေချာ သုံးသပ်ဖို့လိုတယ်” ဟု အလွန်အကျွံ ရွှေတူးဖော်နေကြမှုနှင့် ပတ်သက်၍ ၎င်းက ဆက်ပြောသည်။
ကျွန်းမြေများ ရေတိုက်စား ဆုံးရှုံးခြင်းကြောင့် လူနေအိမ်များ သာမက စိုက်ပျိုးမြေများပါ ပျက်စီးဆုံးရှုံးပြီး ဒေသခံများ၏ နေစရာနှင့် စားဝတ်နေရေးကိုပါ ထိခိုက်စေသည်။ ထို့ကြောင့် ယင်းအခြေအနေကို ဖြေရှင်းရန် NUG အစိုးရ၊ ဒေသခံများနှင့် သက်ဆိုင်သူအားလုံး ပူးပေါင်းဆောင်ရွက်မှသာ ထိရောက်သော အဖြေကို ရရှိနိုင်မည်ဟု ဆိုသည်။
ပတ်ဝန်းကျင် ထိန်းသိမ်းရေးအပိုင်းတွင် ရွှေတူးဖော်ရာ၌ အသုံးပြုသော ပြဒါးကို မြစ်အတွင်းသို့ တိုက်ရိုက် စွန့်ပစ်ခြင်းကို တင်းကြပ်စွာ တားမြစ်သင့်သည်ဟု ဒေသခံများက ဆိုကြသည်။
လက်ရှိတွင် မြစ်အတွင်း၌ ရွှေတူးဖော်ခြင်း၊ သတ္တုကျန် အညစ်အကြေးများနှင့် ပြဒါးရောစပ်ထားသော မျှောချီးများကို မြစ်အတွင်းသို့ ပြန်လည်စွန့်ပစ်ခြင်းများ ရှိနေသဖြင့် ရေအရင်းအမြစ်များ ညစ်ညမ်းလာကာ ရရှိလာသည့် ငါးကို စားသုံးခြင်းမှတစ်ဆင့် လူတို့၏ ကျန်းမာရေးကို ထိခိုက်လာနိုင်မည်ကို စိုးရိမ်ကြသည်။
ပုဏ္ဏမော်ရွာ ဒေသခံတစ်ဦးက “အထူးသဖြင့် ပြဒါးအဆိပ်သင့်တာတွေကြောင့် ကိုယ်ဝန်ဆောင် မိခင်တွေနဲ့ ကလေးငယ်တွေရဲ့ ဦးနှောက်နဲ့ အာရုံကြော ဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်တယ်လို့ သိထားပါတယ်။ ဒါကြောင့် လည်း ကျန်းမာရေးအန္တရာယ်ကို အလေးထားဖို့ လိုပါတယ်” ဟု ပြောသည်။
ဒေသခံများက ရွှေတူးဖော်ခြင်းကို လုံးဝရပ်တန့်စေရန်ထက် ပတ်ဝန်းကျင် ထိခိုက်မှု လျော့နည်းစေမည့် နည်းလမ်းများဖြင့် ဆောင်ရွက်နိုင်ကြောင်းလည်း အကြံပြုကြသည်။ မြစ်အတွင်းမှ သဲများကို စုပ်ထုတ်ကာ ကမ်းပေါ်တွင်မှ ပြဒါးအသုံးပြု၍ ရွှေခွဲထုတ်ခြင်းကို လုပ်ဆောင်ပါက မြစ်ရေညစ်ညမ်းမှုကို လျှော့ချနိုင်မည်ဟု ဆိုသည်။
ထို့အတူ ပြဒါးနှင့် ဓာတုအဆိပ်သင့် ရေဒဏ်မှ ကင်းလွတ်အောင် သဲ၊ ကျောက်ခဲ၊ မီးသွေးခဲ၊ အုန်းဆံများ အသုံးပြုပြုလုပ်ထားသည့် အခြေခံ ရေစစ်ကန် (Bio-Sand Filter) ကို ကျေးရွာအလိုက်ဖြစ်စေ၊ မိသားစု တစ်စုချင်းစီဖြစ်စေ အသုံးပြု၍ ရနိုင်ပေသည်။ မြစ်ကမ်းပါး ပြိုကျမည့် အန္တရာယ်ကို လျှော့ချနိုင်ရန် မိမိတို့ ရွာဘက်ခြမ်းတွင် ကိုယ်ထူကိုယ်ထ သစ်ပင်စိုက်ပျိုးခြင်းများလည်း လုပ်ဆောင်နိုင်သည်။
နိုင်ငံတကာနမူနာကောင်းများ
ဖိလစ်ပိုင်နိုင်ငံတွင် အစိုးရနှင့် planetGOLD အဖွဲ့တို့ ပူးပေါင်းပြီး ဒေသခံ ရွှေတူးသမားများကို မြစ်အတွင်း တိုက်ရိုက်ဆေးမည့်အစား “မြစ်နှင့်ဝေးရာ ကုန်းပေါ်တွင် သီးသန့် ကွန်ကရစ်ကန်များ” တည်ဆောက်စေကာ ပြဒါးပါသော နုန်းမြေများကို သိမ်းဆည်းစေသည်။ ထို့နောက် ပြဒါးပါသောနုန်းနှင့် သာမန်နုန်းကို သီးခြား ခွဲထုတ် သိမ်းဆည်းသည့် စနစ်ကို ကျင့်သုံးခဲ့ရာ အတုယူဖွယ်ဖြစ်သည်။
ပီရူးနိုင်ငံတွင် သစ်တော ပြန်လည်ထူထောင်ခြင်းနှင့် စည်းကမ်းတင်းကြပ်ခြင်း အစီအစဉ်များဖြင့် ရွှေတူး ဖော်မှုကြောင့် ပျက်စီးသွားသည့် မြေရိုင်းများတွင် အပင်ပေါင်း သောင်းချီ ပြန်လည်စိုက်ပျိုးသည့် လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
ကိုလံဘီယာနိုင်ငံတွင် မြစ်ချောင်းများကို ဥပဒေအရ အကာအကွယ်ပေးနိုင်ရန် တရားရုံးချုပ်က မြစ်ချောင်းများကို “သက်ရှိလူသားကဲ့သို့ အခွင့်အရေးရှိသောအရာ” အဖြစ် သမိုင်းဝင် သတ်မှတ်ပေး ခဲ့သည်။ ထို့ပြင် တရားမဝင် ရွှေတူးဖော်မှုကြောင့် ပြဒါးဆိပ်သင့်ခြင်းမှ ကာကွယ်ရန် တရားရုံးက အစိုးရအား မြစ်ကြောင်းနှင့် ဒေသခံ တိုင်းရင်းသားများကို အရေးပေါ် ကာကွယ်ကုစားပေးရန် အမိန့်ချမှတ်ခဲ့ဖူးသည်။
ဗြိတိသျှ ကိုလံဘီယာ၊ ယူကွန်နှင့် အလက်စကာ ဒေသများတွင် RESOLVE အဖွဲ့အစည်းက Apple နှင့် Tiffany ကဲ့သို့သော ကမ္ဘာ့ကုမ္ပဏီကြီးများနှင့် ပူးပေါင်းကာ ရွှေတူးဖော်သူများကို ငွေကြေးထောက်ပံ့၍ မြစ်ဝှမ်းဒေသ များကို မူလအတိုင်း ပြန်လည်ပြုပြင်စေသည့် စနစ်ကို အသုံးပြုခဲ့ကြသည်။
လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားနေပြီး တရားဥပဒေစိုးမိုးမှု နည်းပါးသည့် မြန်မာနိုင်ငံတွင် ရွှေတူးဖော်မှုကို လုံးဝပိတ်ပင်ရန် မဖြစ်နိုင်သေးပါက ဒေသခံများ၏ သောက်သုံးရေ အရင်းအမြစ်နေရာအနီး၊ မြစ်ကမ်းပါး ပြိုလွယ်သည့်နေရာများနှင့် စိုက်ပျိုးမြေများအနီးတွင် ရွှေမတူးဖော်ရန် ဇုံသတ်မှတ် တူးဖော်ခိုင်းရန် လိုအပ်သည်။
ဗြိတိသျှ ကိုလံဘီယာ၊ ယူကွန်နှင့် အလက်စကာ ဒေသများတွင် RESOLVE အဖွဲ့အစည်းက Apple နှင့် Tiffany ကဲ့သို့သော ကမ္ဘာ့ကုမ္ပဏီကြီးများနှင့် ပူးပေါင်းကာ ရွှေတူးဖော်သူများကို ငွေကြေးထောက်ပံ့၍ မြစ်ဝှမ်း ဒေသများကို မူလအတိုင်း ပြန်လည်ပြုပြင်စေသည့် စနစ်ကို အသုံးပြုခဲ့ကြသည်။
လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားနေပြီး တရားဥပဒေစိုးမိုးမှု နည်းပါးသည့် မြန်မာနိုင်ငံတွင် ရွှေတူးဖော်မှုကို လုံးဝပိတ်ပင်ရန် မဖြစ်နိုင်သေးပါက ဒေသခံများ၏ သောက်သုံးရေ အရင်းအမြစ်နေရာအနီး၊ မြစ်ကမ်းပါး ပြိုလွယ်သည့်နေရာများနှင့် စိုက်ပျိုးမြေများအနီးတွင် ရွှေမတူးဖော်ရန် ဇုံသတ်မှတ် တူးဖော်ခိုင်းရန် လိုအပ်သည်။
ရွှေတူးဖော်မှုနှင့် အနာဂါတ်စဥ်းစားချက်
ရွှေတူးဖော်မှုမှ ရရှိသည့် အခွန်ကို စာသင်ကျောင်းများတွင် ထောက်ကူပစ္စည်းများ ဝယ်ယူခြင်း၊ ဒေသတွင်း လိုအပ်ချက်များနှင့် ချင်းတွင်းမြစ် ထိန်းသိမ်းရေးတို့တွင် ပြန်လည်အသုံးပြုသင့်သည်ဟု ချင်းတွင်းမြစ် အထက်ပိုင်း မင်းကင်းမြို့နယ်ရှိ ကြားကာလ ပြည်သူ့ပညာရေးကျောင်းမှ CDM ကျောင်းဆရာတစ်ဦးက အကြံပြု ပြောဆိုသည်။
ထို့ပြင် ကျောင်းဆောင်များ တည်ဆောက်ခြင်း၊ ဗုံးခိုကျင်းများတူးခြင်းနှင့် ငါးနှစ်ကြာ လစာမရဘဲ စာသင်ပြပေးနေသည့် ဆရာ၊ ဆရာမများကို ရွှေမှရသည့် အခွန်ဖြင့် ပြန်လည်ထောက်ပံ့ပေးသင့်သည်ဟု ဆိုသည်။
“ပြောင်းလဲဖို့ လိုအပ်နေသူတွေကတော့ ဒေသခံတွေနဲ့ အုပ်ချုပ်တဲ့သူတွေမှာ တာဝန်အရှိဆုံးပဲ” ဟု ၎င်းက ပြောသည်။
စစ်ရေးအခြေအနေများကြောင့် အလုပ်အကိုင် ရှားပါးလာသလို ပညာရေးတွင်လည်း ကျောင်းနေရွယ် ကလေးများ ကျောင်းထွက်နှုန်း မြင့်တက်လာပြီး ရွှေတူးဖော်လုပ်ငန်းများတွင် ဝင်ရောက် လုပ်ကိုင်လာ ကြသည်ဟု ဆိုသည်။
မည်သို့ပင်ဖြစ်စေ အသက်မွေးဝမ်းကျောင်းအတွက် ရွှေတူးဖော်မှုကို မှီခိုနေရသူများနှင့် ချင်းတွင်းမြစ်ဝှမ်းကို ထိန်းသိမ်းလိုသူများကြား ဟန်ချက်ညီသည့် အဖြေကို ရှာဖွေရေးမှာ ချင်းတွင်းမြစ်ဝှမ်းရှိ သက်ဆိုင်သူအားလုံး ပူးပေါင်းဆောင်ရွက်ရမည့် စိန်ခေါ်မှုတစ်ရပ်အဖြစ် ဆက်လက်တည်ရှိနေဆဲ ဖြစ်သည်။
“ကျွန်တော်တို့ ဒီကျွန်းမြေမှာပဲ တောင်သူအဖြစ် မွေးဖွားလာတာဆိုတော့ ကျွန်းမြေတွေကို တအားနှမြော တယ်။ ဒါကြောင့် ကျွန်တော်ကတော့ ကျွန်းမြေနဲ့ အတတ်နိုင်ဆုံး အဝေးဆုံးမှာပဲ ရွှေမျှောမောင်းပါတယ်” ဟု ရွှေမျှောလုပ်သူ ကိုရဲလင်းမျိုးက သူ၏ ခံယူချက်ကို ပြောဆိုလိုက်သည်။