ဧရာဝတီတိုင်းမ်
ဩဂုတ် ၈ ရက်

 

ပြည်တွင်း၌ စက်သုံးဆီဈေးနှုန်း သုံးပတ်ဆက်တိုက်မြင့်လာကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရသည်။

 

ပြည်တွင်းစက်သုံးဆီဈေးသည် ဓာတ်ဆီတစ်လီတာလျှင် ကျပ် ၄၀၀ နှင့် ဒီဇယ် တစ်လီတာလျှင် ကျပ် ၈၀၀ နီးပါးဈေးတက်လာခြင်းဖြစ်သည်။

 

ယခုတစ်ပတ် ဩဂုတ် ၇ ရက် မှ ၁၀ ရက်နေ့အထိ စက်သုံးဆီသတ်မှတ်ဈေးနှုန်းတွင် ၉၂ တစ်လီတာလျှင် ၃၈၄၀ ကျပ်၊ ၉၅ တစ်လီတာလျှင် ၃၉၅၀ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာလျှင် ၅၀၅၀ ကျပ်နှင့် ဒီဇယ်တစ်လီတာ ၄၁၅၈ ကျပ်ဖြစ်ကြောင်း စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဇူလိုင် ၃၁ ရက်တွင် ၉၂ တစ်လီတာ ၃၆၄၀ ကျပ်၊ ၉၅ တစ်လီတာ ၃၆၈၅ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ ၄၈၃၀ ကျပ်နှင့် ဒီဇယ်တစ်လီတာ ၃၈၉၅ ကျပ်ဖြစ်သည်။

 

ထို့ပြင် ဇူလိုင် ၂၄ ရက်တွင် ၉၂ တစ်လီတာ ၃၃၅၀ ကျပ်၊ ၉၅ တစ်လီတာ ၃၄၆၀ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ ၄၃၁၅ ကျပ်နှင့် ဒီဇယ်တစ်လီတာ ၃၆၀ ကျပ်ဖြစ်ကြောင်း စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက ထုတ်ပြန်ခဲ့သည်။

 

ရွေးတုအစိုးရထိန်းချုပ်ထားသောစက်သုံးဆီရောင်းချမှုမူဝါဒ QR ကဒ်ဖြင့်ဆီဝယ်ယူရာ၌ ပုဂ္ဂလိဂအိမ်သုံးများအတွက်အဆင်ပြေသော်လည်း လုပ်ငန်းသုံးများအတွက်အခက်အခဲဖြစ်ကာ ကုန်ဈေးနှုန်းအပေါ်သက်ရောက် လျက်ရှိကြောင်း ဈေးကွက်အတွင်းစုံစမ်းသိရသည်။

“ အရင်ပတ်တွေတုန်းက ဆီဈေးကျလို့ ကားခတွေချလိုက်လို့မရဘူး။ အခြားကုန်တွေဈေးကြီးတော့ အခုလိုဆီဈေးဆက်တိုက်တက်ပြန်တော့လည်း ကားခအများကြီးတိုးယူတောင်းလို့မရဘူး။ ဈေးများရင်လည်းမသုံးကြတော့ဘူး” ဟု ကုန်ပစ္စည်းပို့ဆောင်ရေးလုပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

 

ထို့ပြင်စက်သုံးဆီကိုသတ်မှတ်လီတာအတိုင်း အပြည့်ဝယ်ဖြည့်သဖြင့် ငွေကြေးခက်ခဲမှုများရှိပြီး အခြေခံစားရိတ် လုံလောက်မှုမရှိကြောင်း တက္ကစီယာဉ်မောင်းတစ်ဦးက ဆိုသည်။

 

“ အရင်က ကားဆွဲရလို့ ဆီတစ်သောင်းဖိုးဖြည့်ထားမယ်ဆို တစ်ပတ်လောက်ပတ်လို့ရတယ်။ လှည်ပတ်နေတာပေါ့။ ကျန်တာစားသောက်သုံးလို့ရတယ်။ အခုကျတော့ ဆီကအနည်းဆုံး တစ်သိန်းဖြည့်ထားရမယ်။ ကားဆွဲလို့ရတာဆီဖြည့်ရတာနဲ့ဘာမှမကျန်တော့ဘူး။ နောက်ရက်ကားဆွဲမကောင်းရင် ခက်ပြန်ရော “ ရန်ကုန်မြို့ရှိ တက္ကစီမောင်းသူတစ်ဦးက ဆိုသည်။

 

အာဏာသိမ်းရွေးတုအစိုးရ၏မူဝါဒများကြောင့် စက်သုံးဆီအခက်အခဲအပြင် စားသုံးဆီ လိုအပ်သလောက် ဝယ်ယူခွင့်မရခြင်း၊ ကြက်ဥအပါအဝင် အထွေထွေကုန်ဈေးနှုန်းကြီးမြင့်ဒဏ်ကို အများပြည်သူများခံစားနေကြသည်။

 

ဓာတ်ပုံ – ဧရာဝတီတိုင်းမ်