ဧရာဝတီတိုင်းမ်
ဩဂုတ် ၈ ရက်

 

စစ်အာဏာရှင်စနစ်ကိုတွန်းလှန်ခဲ့ကြသော ရှစ်လေးလုံးအရေးတော်ပုံ ၃၈ နှစ်ပြည့်သည့် ယနေ့ ဩဂုတ် ၈ ရက်နေ့တွင် ဒီမိုကရေစီအနာဂတ်အတွက် ကြိုးစားနေသော မြန်မာပြည်သူနှင့်အတူ ရပ်တည်ကြောင်း မြန်မာနိုင်ငံအခြေစိုက် အနောက်နိုင်ငံသံရုံးများထုတ်ပြန်သည်။

 

မြန်မာ့သမိုင်းတွင်အရေးပါသော ရှစ်လေးလုံးအရေးတော်ပုံ၏ စိတ်ဓာတ်အားမာန်များ ဆန္ဒထုတ်ဖော်ကြသူများကို ဂုဏ်ယူကြောင်း ဗြိတိန်သံရုံး၊ နော်ဝေသံရုံး၊ ဂျာမန်သံရုံးနှင့် အီယူသံရုံးက ယနေ့ ထုတ်ပြန်လာခြင်းဖြစ်သည်။

“ ဒီမိုကရေစီအပြောင်းအလဲအတွက် ဆန္ဒထုတ်ဖော်ခဲ့ကြသူတွေကို ကျွန်ုပ်တို့ဂုဏ်ပြုအသိအမှတ်ပြုသလို ပိုမိုတရားမျှတပြီး ငြိမ်းချမ်းတဲ့အနာဂတ်အတွက်စွန့်လွှတ်အနစ်နာခံခဲ့ကြသူတွေကိုလည်းအောက်မေ့သတိ ရလျက်ရှိပါတယ်” ဟု နော်ဝေသံရုံးထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ထို့ပြင်ငြိမ်းချမ်းပြီးတရားမျှတသော ဒီမိုကရေစီအနာဂတ်အတွက် မြန်မာပြည်သူလူထု၏ ခိုင်မာသောသိန္နိဌာန်ကို ဗြိတိန်အစိုးရက ဆက်လက်ရပ်တည်ထောက်ခံမည်ဖြစ်ကြောင်းထုတ်ပြန်သည်။

 

ရှစ်လေးလုံးအရေးတော်ပုံနေသည် မြန်မာပြည်သူများ၏ သမိုင်းဝင်နေ့တစ်ဖြစ်သောကြောင့် ပိုမိုကောင်းမွန်သောအနာဂတ်နှင့် အစပြုမှုအသစ်များ မျှော်လင့်ချက်အလင်းရောင်သန်းခဲ့သည့်နေ့ဖြစ်ကြောင်း ဂျာမန်သံရုံးထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

“ ရွှေတိဂုံစေတီတော်ဟာ မြန်မာနိုင်ငံအကြောင်းကိုလေ့လာဖို့ ကျွန်တော်ရဲ့ ပထမဆုံးခြေလှမ်း တစ်ခုဖြစ်ခဲ့ပါတယ်။ တစ်ချိန်းတည်းမှာပဲ ဒီနေရာဟာ မြန်မာနိုင်ငံရဲ့သမိုင်းကြောင်းမှာ အရေးပါတဲ့ ပြောင်းလဲမှုတွေ စတင်ရာနေရာတစ်ခုလည်းဖြစ်ခဲ့ပါတယ်။ ကျွန်တော့်နိုင်ငံရဲ့ သမိုင်းကြောင်းကနေသင်ယူခဲ့ရတာတစ်ခုကတော့ ဒီလိုပြောင်းလဲမှုတွေဟာ အချိန်ယူရတတ်တယ်ဆိုတာပါပဲ” ဟု ဂျာမန်သံရုံးအကြီးအကဲ Mr. Mathias Licharz က ဆိုသည်။

 

ဓာတ်ပုံ – သံရုံးများ