ဧရာဝတီတိုင်းမ်
သြဂုတ် ၈ ရက်
၃၈ နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ အထိမ်းအမှတ် အခမ်းအနားကို ယနေ့ ဩဂုတ်လ ၈ ရက် နံနက် ၈ နာရီ ၈ မိနစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အခမ်းအနားကျင်းပရေးကော်မတီ၏ ဦးဆောင်မှုဖြင့်ကျင်းပပြုလုပ်ခဲ့ကြောင်း ကော်မတီဝင်များထံကသိရသည်။
အခမ်းအနားစတင်ချိန်တွင် မြန်မာနိုင်ငံ၏ လွတ်လပ်ရေး၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ ဖက်ဒရယ်ရေးနှင့် စစ်အာဏာရှင်ဆန့်ကျင်ရေး တိုက်ပွဲအဆက်ဆက်၌ ကျဆုံးခဲ့ရသည့် သူရဲကောင်းများအား ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် ရှစ် စက္ကန့် ငြိမ်သက်အလေးပြုခဲ့ကြပြီး နွေဦးတော်လှန်ရေးအတွက် လူထုအဓိဋ္ဌာန် ပြုလုပ်ခဲ့ကြသည်။
ထို့နောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမေဝင်းမြင့်၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်တို့က မိန့်ခွန်းများပြောကြားခဲ့သည်။
ဆက်လက်ပြီး ၈၈ မျိုးဆက် နိုင်ငံရေးအကျဉ်းသူဟောင်း မသီတာ (စမ်းချောင်း)၊ ၈၈ မျိုးဆက် နိုင်ငံရေးအကျဉ်းသားဟောင်း ဦးကျော်ဌေးဦးနှင့် CDM ကထိက ဒေါ်ရတီအုန်းတို့က အမှတ်တရစကားများ ပြောကြားခဲ့ကြောင်း သိရသည်။
ယင်းနောက် ကျင်းပရေး ဗဟိုအလုပ်ကော်မတီထံ ပေးပို့လာသော သဝဏ်လွှာများအား မှတ်တမ်းတင်ကြောင်း ကြေညာခဲ့ပြီးနောက်နံနက် ၉ နာရီ ၃၈ မိနစ်တွင် အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။