သာကေတမှာ စစ်တပ်သတင်းပေးလို့ဆိုသူ လူငယ်၂ ဦးပစ်ခတ်ခံရပြီး ၁ ဦး သေဆုံး

ဧရာဝတီတိုင်းမ်

(ရန်ကုန်)၊စက်တင်ဘာလ ၁၆ ရက်

ရန်ကုန်မြို့၊ သာကေတမြို့နယ်တွင် စစ်တပ်သတင်းပေးဆိုသူ လူငယ် ၂ ဦးစက်တင်ဘာလ ၁၆ ရက် ယနေ့မနက် ၁၀ နာရီခွဲဝန်းကျင်တွင် သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရပြီး ၁ ဦးသေဆုံးခဲ့ကြောင်း ဒေသခံများထံကသိရသည်။

ပစ်ခတ်ခံရသူများမှာ တပ်သတင်းပေး ဆိုသူ ပေါ်တော် (ခ)ကျော်ကျော်လင်းနှင့်ပိုင်မှူးခန့်ဆိုသူ လူငယ် ၂ ဦးဖြစ်ပြီး ပေါ်တော်(ခ)ကျော်ကျော်လင်းမှာ ဦးခေါင်းကျည် ၅ ချက်ထိမှန်ပြီးပစ်ခတ်ခံရသည့်နေရာမှာပွဲချင်းပြီးသေဆုံး ခဲ့ကာ ကျန် ၁ ဦးမှာ ပေါင်တွင်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသ ခံတဦးကပြောသည်။

၄င်းတို့ ၂ ဦးမှာ သာကေတ ၂/တောင်ရပ်ကွက်၊ ဇောတရုံလမ်းနှင့် မာန်ပြေ (၁)လမ်း အနောက်လမ်းဆုံတွင် စကားရပ်ပြောနေစဥ် အမည်မသိ လက်နက်ကိုင် လူ ၂ ဦးမှ စက်ဘီးဖြင့် လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“သူ့ကိုပေါ်တော်လို့ခေါ်ကြတာ။ သူကစစ်တပ်ကို သတင်း ပေးနေတာ။ အဲ့ဒါကြောင့် ခုလိုပစ်သတ်ခံရတာလို့သိရတယ်”ဟု ရပ်ကွက်နေထိုင်သူအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပစ်ခတ်ခံရသည့် ပေါ်တော်(ခ) ကျော်ကျော်လင်းသည် စစ်ကောင်စီဖွင့်လှစ်သည့်တက္ကသိုလ်တွင်တက်ရောက်နေသည့် အသက် ၂၀ ကျော်ဝန်းကျင် တတိယနှစ်ကျောင်း သားဖြစ်ပြီး၊ ပိုင်မှူးခန့်မှာ ဆယ်တန်းကျောင်းသား တို့ဖြစ်ကြောင်း သိရှိရသည်။

ရပ်ကွက်တွင်းနေထိုင်သူ အမည်မဖော်လိုသူ အမျိုးသမီးတစ်ဦးကလည်း “သူတို့ကလက်ရှိမှာ ကျောင်းတက်နေတဲ့ ကျောင်းသားတွေ။ ခုပြောနေကြသလို သတင်းပေးလား၊ ဒလန်လားတော့ သေချာမသိပါဘူး”ဟု ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ ပစ်ခတ်ခံရသူ ၂ ဦးအား စစ်တပ်သတင်းပေးဟု ပြောဆိုနေမှုများအပေါ် ဧရာဝတီတိုင်းမ်အနေဖြင့်သီးခြားအတည်မပြုနိုင်ပါ။

ပစ်ခတ်မှုနှင့်ပတ်သက်ပြီး ရန်ကုန်မြို့တော်လှန်ရေးအင် အားစုများဘက်မှလည်း တစုံတရာထုတ်ပြန်ခြင်းမရှိသေးပေ။

စက်တင်ဘာလ ၁၄ ရက် ညပိုင်းကလည်း ကွမ်းခြံကုန်းမြို့နယ်က စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ၁ ဦးပစ်ခတ်ခံရပြီးသေဆုံးခဲ့ကြောင်းသိရသည်။

#AyeyarwaddyTimes