‎ဧရာဝတီတိုင်းမ်
‎ဩဂုတ် ၇ရက်

‎ဂွမြို့နယ်အတွင်း စစ်အခြေစိုက်စခန်း ပြုလုပ်ရန် ရောက်ရှိလာသည့် ရွေးတုအစိုးရစစ်တပ် တပ်ဖွဲ့ဝင် များသည် အာရက္ခတပ်တော် (AA) နှင့် ပူးပေါင်းတပ်များ၏ တန်ပြန်ထိုးစစ်ကြောင့် ထိခိုက်သေဆုံးမှု များပြားစွာဖြင့် ကစဉ့်ကလျား ပြန်လည်ဆုတ်ခွာ‌နေရကြောင်း သိရသည်။

‎စစ်တပ်သည် မြေပြင်အင်အားအလုံးအရင်းအပြင် လေကြောင်းနှင့် လက်နက်ကြီး ပစ်ကူများပါ အသုံးပြု၍ ထိုးစစ်ဆင်ခဲ့သော်လည်း AA နှင့် ပူးပေါင်းတပ်များ၏ စနစ်ကျသည့် ခုခံစစ်နှင့် တန်ပြန် ထိုးစစ်တို့ကြောင့်‌ထိခိုက် သေဆုံးမှုများစွာဖြင့် ဆုတ်ခွာခဲ့ရခြင်းဖြစ်‌ကြောင်း သိရသည်။

‎”အခုတက်လာတဲ့စစ်တပ် စစ်ကြောင်းတွေက အမြောက်တပ်က ပစ်အားတွေအပြင် တိုက်ရိုက်ပစ် လက်နက် ကြီးပစ်အားတွေပါ ဖောဖောသီသီသုံးပြီးတက်လာတာပဲ။ ပြီးတော့ စစ်တပ် ဘာဖြစ်လဲမေးရင် ပြေးရတာပေါ့ဗျာ” ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

‎ပြီးခဲ့သည့် ဩဂုတ် ၁ ရက်နှင့် ၂ ရက်နေ့များက ရေကြည်နှင့် သာပေါင်းကျေးရွာများအနီး ဖြစ်ပွားခဲ့သော တိုက်ပွဲများတွင်လည်း ရေကြည်အမြောက်တပ် အမတ-၃၄၄ မှ လက်နက်ကြီး ပစ်ကူများ ဆက်တိုက် ပေးခဲ့သော်လည်း စစ်တပ်မှာ အထိနာကာ ပြန်လည်ဆုတ်ခွာသွားခဲ့ရ‌ကြောင်း AA ကထုတ်ပြန် ထားသည်။

‎ထို့အပြင် တိုက်ပွဲအတွင်း သိမ်းဆည်းရရှိသည့် ခဲယမ်းများတွင် ရှေ့ထွက်မိုင်းများ အပါအဝင် စစ်တပ်က မီးလောင်ဗုံး (ဖော့စဖရပ်စ်) ပါဝင်သော ၆၀ မမ မော်တာကျည်များကိုပါ စစ်တပ်က အများအပြား အသုံးပြုလာသည်ကို တွေ့ရသည်။

‎လက်ရှိတွင် AA အနေဖြင့် ရခိုင်တောင်ပိုင်း ဂွမြို့နယ်အတွင်းသို့ စစ်တပ် စစ်ကြောင်းများ ဝင်ရောက် လာနိုင်သည့် လေးမျက်နှာ၊ သာပေါင်းနှင့် ရေကြည်မြို့နယ်တို့၏ ငဝန်မြစ် အနောက်ဘက်ကမ်းနယ်မြေ အားလုံးကို ဖြန့်ကျက်ပိတ်ဆို့ ထိန်းချုပ်ထားသည့် အနေအထားရှိကြောင်း သိရသည်။

‎ရွေးတုအစိုးရ စစ်တပ်ကလည်း အင်အားအလုံးအရင်းသုံး၍ သာပေါင်း စက်ဒေါင့်ကြီးမှတစ်ဆင့် ၎င်းတို့စစ်အခြေစိုက်စခန်းများပြုလုပ်ထားသည့် ဘုရားကြီး၊ ရေကြည်ရှိ ကမ္ဘားကြီးစခန်းတို့ကို စစ်ကြောင်းများဖြန့်ကျက်ပို့ထားသည်ကို တွေ့ရသည်။

ဓာတ်ပုံ-MWD(ပုံဟောင်း)