ဧရာဝတီတိုင်းမ်
ဩဂုတ် ၇ ရက်

 

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းနေသဖြင့် လာမည့် ၂ ရက်အတွင်း တိုင်းနှင့် ပြည်နယ်အချို့၌ မိုးဆက်လက် ပိုနိုင်ပြီး ချင်းတွင်း၊ စစ်တောင်း၊ သံလွင်နှင့် မြစ်ငယ်မြစ်တို့ စိုးရိမ်ရေမှတ်သို့ ရောက်ရှိလာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (မိုး/ဇလ) က ယနေ့ ဩဂုတ် ၇ ရက်တွင် သတိပေး ထုတ်ပြန်သည်။

 

မြစ်ရေကြီးနိုင်သည့် အခြေအနေများနှင့် ပတ်သက်၍ ချင်းတွင်းမြစ်သည် လာမည့် ၂၄ နာရီမှ ၃၆ နာရီအတွင်း ဖောင်းပြင်၊ မော်လိုက်၊ ကလေးဝ၊ မင်းကင်းနှင့် မုံရွာမြို့များတွင် စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်သည့်အပြင် မြစ်ငယ်မြစ်သည်လည်း မြစ်ငယ်မြို့တွင် လာမည့် ၃၆ နာရီအတွင်း စိုးရိမ် ရေမှတ်သို့ ရောက်ရှိလာနိုင်သည်။

ထို့ပြင် သံလွင်မြစ်သည် ဘားအံမြို့တွင် လာမည့် ၁ ရက်အတွင်း စိုးရိမ်ရေမှတ်အထက် ကျော်လွန် ရောက်ရှိနိုင်ပြီး စစ်တောင်းမြစ်မှာမူ မဒေါက်မြို့တွင် ရေအနည်းငယ် ပြန်ကျနိုင်သော်လည်း စိုးရိမ် ရေမှတ်အထက်တွင် ဆက်လက် တည်ရှိနေမည်ဖြစ်သည်။

 

လက်ရှိ ရေကြီးရေလျှံမှုများ ကြုံတွေ့နေရသည့် ဧရာဝတီ၊ ပဲခူး၊ တနင်္သာရီ၊ ကရင်၊ မွန်နှင့် ရှမ်း (အရှေ့ပိုင်း) တို့တွင် လာမည့် ၂ ရက်အတွင်း မိုးဆက်လက် ပိုနေမည်ဖြစ်သလို၊ လာမည့် စနေ၊ တနင်္ဂနွေ ပိတ်ရက်များတွင်လည်း နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးတို့၌ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာ သွန်းနိုင်ကြောင်း သိရသည်။

 

တစ်ဆက်တည်းတွင်ပင် စစ်ကိုင်းအောက်ပိုင်း၊ မကွေး၊ မန္တလေး၊ နေပြည်တော်၊ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ တနင်္သာရီ၊ ကချင်၊ ချင်း၊ ကရင်၊ မွန်နှင့် ရှမ်းပြည်နယ်တို့တွင် မိုးတိမ်တောင်များ အားကောင်းနေသဖြင့် မိုးတိမ်တောင် ရွေ့လျားရာတစ်လျှောက် လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးထစ်ချုန်းခြင်းများ ဖြစ်ပေါ် နိုင်သည်။

 

မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင်လည်း မိုးသက် လေပြင်းများ ကျရောက်ပြီး တစ်နာရီလျှင် ၂၅ မိုင်မှ မိုင် ၃၀ အထိ တိုက်ခတ်နိုင်ကာ လှိုင်းအမြင့် ၇ ပေမှ ၉ ပေအထိ မြင့်တက်နိုင်ကြောင်း မိုး/ဇလ ၏ ထုတ်ပြန်ချက်အရ သိရသည်။

 

ဓာတ်ပုံ-မိုး/ဇလ