‎ဧရာဝတီတိုင်းမ်
‎ဩဂုတ် ၇ရက်

‎​ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်အတွင်း ရွေးတုအစိုးရစစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တို့ ထိတွေ့တိုက်ပွဲများ ပြင်းထန်လျက်ရှိပြီး မြို့ပြင်ရှိ စစ်တပ်၏ ခြေကုတ်စခန်း အများအပြားကို KIA ဘက်က သိမ်းပိုက်ထားနိုင်ခဲ့ကြောင်း သိရသည်။

‎​လတ်တလော ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း ပြီးခဲ့သည့် ဩဂုတ် ၃ ရက်နေ့ ညနေပိုင်းက ရွှေဘုန်းမြင့်ကျေးရွာရှိ စစ်တပ်ခြေကုတ်စခန်းကို KIA က သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့သည်။ ထို့အပြင် အထက်လေးလမ်းဆုံနှင့် အောက်လေးလမ်းဆုံကြားရှိ ရွှေဘုန်းမြင့် စခန်းအပါအဝင် ရွှေကူမြို့ပြင်ရှိ စစ်တပ်၏ ခြေကုတ်စခန်းအများအပြားမှ စစ်တပ် တပ်ဖွဲ့ဝင်များ လက်လွှတ်ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

‎”ဒရုန်းဗုံးလို့ ယူဆရတာတွေ ငါးဘတ်ဝဘက်ကိုကျတယ်။ ရွှံ့ထဲကျတယ်လည်းပြောတယ်။ ည ၉နာရီကျော်လောက်ကစကြားရတာပဲ” ဟု ရွှေကူသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကိုပြောသည်။

‎မြို့တွင်း၌ စစ်ရေးတင်းမာမှုများ စတင်မြင့်တက်လာနေပြီး ယမန်နေ့ ဩဂုတ် ၆ ရက် ည ၉ နာရီခန့်က ရွှေကူမြို့တွင်း ရပ်ကွက်အချို့ကို FPV ဒရုန်းဗုံးဟု ယူဆရသော ပေါက်ကွဲမှု ၃ ကြိမ်ထက်မနည်း ဆက်တိုက် ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်နှင့် လူမှုကွန်ရက် သတင်းဖော်ပြချက်များအရ သိရသည်။

‎အဆိုပါ ပေါက်ကွဲမှုများအနက် ငါးဘတ်ဝရှိ ဘုရားအနီးသို့လည်း ကျရောက်ခဲ့ကြောင်း ဒေသခံအချို့က အသိပေး ပြောဆိုထားသည်။

ရေါးတုအိုးရ‎​စစ်တပ်သည် လူနေရပ်ကွက်များကို အကာအကွယ်ယူ၍ စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်နေသဖြင့် ရွှေကူမြို့တွင်းတွင် တိုက်ပွဲများ အချိန်မရွေး ပိုမိုပြင်းထန်လာနိုင်သည့် အခြေအနေတွင် ရှိနေကြောင်း သိရသည်။

ပုံစာ-KIA တပ်ဖွဲ့ဝင်များကို တွေ့ရစဉ်(ပုံဟောင်း)