ဧရာဝတီတိုင်းမ်
ဩဂုတ် ၇ ရက်
စစ်အာဏာရှင်ကို ခုခံတော်လှန်ရာ၌ ရှေ့လုပ်ငန်းစဉ်များအဖြစ် ညီညွတ်ရေးမူ (၃) ရပ်နှင့်အညီ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ၏ စစ်မဟာဗျူဟာ ပေါင်းစပ်ညှိနှိုင်းရေးတွင် ပါဝင်နိုင်ရေး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တပ်မှူးကြီးများက အတည် ပြုချမှတ် ဆုံးဖြတ်ခဲ့ကြောင်း ၎င်းတို့ထုတ်ပြန်ချက်အရ သိရသည်။
ထိုအတွက် NUG ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ တပ်မှူးကြီး များက အစည်းအဝေးကို ပြီးခဲ့သည့် ဩဂုတ် ၃ ရက်မှ ၆ ရက်အထိ လေး ရက်တာ ကျင်းပပြုလုပ်၍ SCEF ၏ စစ်မဟာဗျူဟာ ပေါင်းစပ်ညှိနှိုင်းရေးအပြင် ကွပ်ကဲရေးကော်မတီတွင်လည်း မဟာဗျူ ဟာကျကျ ပါဝင်နိုင်ရေး လုပ်ငန်းစဉ်များ ချမှတ်ခဲ့ကြောင်း သိရသည်။
ယင်းအပြင် စစ်ဒေသအသီးသီး၌ သက်ဆိုင်ရာမဟာမိတ် တိုင်းရင်းသားတော်လှန်ရေး အင်အားစုများ အားလုံးနှင့် လက်တွဲ၍ “ပြည်သူ့ခုခံတွန်းလှန်စစ်” မှသည် “မဟာဗျူဟာထိုးစစ်” သို့ တက်လှမ်းနိုင်ရေး ဦးတည်ပြင်ဆင် ဆောင်ရွက်သွားကြရန် လုပ်ငန်းစဉ်များအဖြစ် PDF တပ်မှူးကြီးများက ဆွေးနွေး အတည်ပြု ဆုံးဖြတ်ခဲ့ကြောင်း ယနေ့ ဩဂုတ် ၇ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အတူ အမျိုးသားကာကွယ်ရေး မဟာဗျူဟာနှင့်အညီ ယခင် တပ်မှူးကြီးများ အစည်းအဝေး တွင် အတည်ပြုခဲ့သည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ တိုင်းစစ်ဌာန ၁၀ ခု၊ တပ်မ တစ် ခု၊ စစ်ရုံးချုပ် အပါအဝင် ပြည်သူ့လုံခြုံရေး၊ စစ်ဆင်ရေးရုံးများ၊ စစ်ဥပဒေရုံး၊ ပကဖ စစ်ဘက်ရေးရာ အရာရှိချုပ်ရုံး စသည်တို့က စာတမ်းများတင်သွင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
ယင်းနောက် စစ်ဦးစီးချုပ်၊ ဒုစစ်ဦးစီးချုပ်၊ စစ်ဦးစီးအရာရှိချုပ်တို့၏ လမ်းညွှန်ချက်ရယူခြင်းနှင့် ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခြင်းတို့ကို ဆောင်ရွက်သလို ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ကလည်း မျှော်မှန်းချက်၊ မဟာဗျူဟာများ ဆွေးနွေးကာ NUG ယာယီသမ္မတ ဒူဝါလရှီးလ၊ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း စသည်တို့ တက်ရောက်ကြောင်း သိရသည်။
အဆိုပါ SCEF အား ရွေးတုအစိုးရအဖြစ် ပုံဖမ်းထားသော စစ်အုပ်စု၏ အာဏာသိမ်းမှုကို ခုခံ တော်လှန်နေကြသည့် “K3C” မဟာမိတ်အဖွဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ ကရင်အမျိုး သားအစည်းအရုံး (KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ချင်းအမျိုးသားတပ်ဦး (CNF) အပြင် NUG၊ CRPH ၊ NUCC အဖွဲ့ဝင်များဖြင့် ဖွဲ့စည်းထားသည်။
လက်ရှိတွင် SCEF သည် နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု (SRA)၊ စစ်ကိုင်းနှင့် မကွေးဖက် ဒရယ်ယူနစ်၊ မန္တလေးဒေသတို့မှ အစိုးရ၊ လွှတ်တော်၊ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး NMSP-AD)၊ မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC)၊ မွန်ပြည်အတိုင်ပင်ခံကောင်စီ (MSCC) အပါအဝင် စသည်တို့နှင့် တွေ့ဆုံဆွေးနွေးနေလျက်ရှိသည်။
ထို့အတူ မွန်ပြည်နယ်လွှတ်တော်ကိုယ်စားပြုကော်မတီ (CRMH)၊ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်/ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLO/PNLA) ၊ ရခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA)အပါအဝင် တော်လှန်ရေး အင်အားစုများနှင့်လည်း SCEF က တွေ့ဆုံထားသည်။
ဓာတ်ပုံ – NUG