ဧရာဝတီတိုင်းမ်
ဩဂုတ် ၇ ရက်
စစ်တိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်ရှိ သဖန်းဆိပ်ဆည်ရေပြည့်အမှတ် နီးကပ်လာသဖြင့် ရေပိုလွှဲမှရေလွှတ်ချလိုက်သောကြောင့် မူးမြစ်ရေတက်ကာ မြို့နယ်ငါးမြို့နယ်ရေကြီးရေလျှံနေကြောင်းသတင်းရရှိသည်။
ယနေ့ ဩဂုတ် ၇ မှ ၁၀ ရက်နေ့အတွင်း စစ်ကိုင်းတိုင်းတွင် နေရာကွက်ကြားမိုးကြီးမည်ဖြစ်ကာ ပြီးခဲ့သည့် ၂၄ နာရီအတွင်း မိုးရေချိန် ၇၆ မီလီမီတာရွာသွန်းကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

ဩဂုတ် ၆ ရက်တွင် ကျွန်းလှမြို့နယ်ရှိ သဖန်းဆိပ်ဆည်ကြီးမှ ရေများကိုလွှတ်ချလိုက်သည့်အခါ ထိုရေများသည် မူးမြစ်ကြောင်းအတိုင်းစီးဆင်းပြီး အောက်ဘက်ရှိ ကာဘိုး (ကဘို) ရေလွှဲဆည်သို့ရောက်ရှိကာ မူးမြစ်ထဲထပ်မံဝင်ရောက်ခြင်းကြောင့် မြစ်ကမ်းဘေးရှိဒေသခံများနှင့် စစ်ဘေးရှောင်များ ရေဘေးတိမ်းရှောင်ရကြောင်းသိရသည်။
အဆိုပါသဖန်းဆိပ်ဆည်မှရေပိုလွှဲချထားသောကြောင့် မူးမြစ်ပတ်ဝန်းကျင်ကျေးရွာများတွင် နေထိုင်ကြသူများ သတိပြုရန်၊ မွေးမြူရေးတိရစ္ဆာန်များနှင့် ကောက်ပဲသီးနှံများကို ရေလွှတ်ရာအချိန်မီရွှေ့ပြောင်းနိုင်ကြရန် ရွှေဘိုမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်က ဩဂုတ် ၆ ရက်တွင်သတင်းထုတ်ပြန်သည်။
“ရွှေဘိုဘက်မိုးနည်းနည်းများနေတယ်။ မိုးကြီးနေတယ်လို့ကြားတယ်။ မိုးများနဲ့ ဆည်ရေများတာကြောင့် ကန့်ဘလူက ရွာတွေမှာ ရေနစ်နေပြီ။ မနေ့ကစပြီး ရေကတိုးလာတာ ဒီနေ့ပိုတိုးတယ်” ဟု ကန့်ဘလူမြို့ခံတစ်ဦးက ပြောကြားသည်။

အလားတူ ယနေ့ နံနက် တစ်နာရီဝန်းကျင်တွင် မူးမြစ်ရေသည် ခင်ဦးမြို့နယ်အတွင်းဝင်ရောက်မှုကြောင့် ကျေးရွာ ၁၅ ရွာခန့်မှ ဒေသခံပြည်သူထောင်နှင့်ချီ ရေဘေးတိမ်းရှောင်နေရကြောင်း ခင်းဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးထံမှ သိရသည်။
ထို့ပြင် ဒီပဲယင်းမြို့နယ်၊ အင်ဘုတ်ကျေးရွာအုပ်စု၊ ချောင်းရိုးကျေးရွာတွင် ကောက်စိုက်ပြန်လာသူ ကောက်စိုက် သမ ၁၀ ဦးက မြောက်ဘက်ချောင်းကို ဖြတ်ကူးနေစဉ် ရုတ်တရက်ချောင်းရေစီးမှုပြင်းထန်လာရာ ခြောက်ဦးမှာ ရေစီးနှင့်အတူမျောပါသွားပြီးသေဆုံးသွားကြောင်း ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ရေးချုပ်ရေးအဖွဲ့က ယမန်နေ့က ထုတ်ပြန်သည်။
လက်ရှိတွင် မိုးရေချိန်များသဖြင့် သဖန်းဆိပ်ဆည်အတွင်း ရေဝင်ရောက်မှုများနေကော ဆည်၏စိုးရိမ်ရေချိန်မှတ်ကိုကျော်လွန်ရောက်ရှိနေ၍ ရေပိုလွှဲတံခါးများအဆက်မပြတ်ဖွင့်လှစ်ထားသောကြောင့် မူးမြစ်တစ်လျှောက်ရှိရွာများ ရေဘေးအန္တရာယ်အထူးသိထားရန်လိုအပ်ကြောင်း ယင်းအဖွဲ့က တိုက်တွန်းထားသည်။
သဖန်းဆိပ် ရေလှောင်တမံသည် ကန်ရေပြည့်အမှတ် ၅၄၅ ပေ၊ ကန်ရေပြည့် ရေလှောင်ပမာဏ ၂,၇၉၄,၀ဝ၀ ဧကပေရှိကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနထံမှ သိရသည်။
၁၉၉၆-၁၉၉၇ ခုနှစ်တွင် သဖန်းဆိပ် ရေလှောင်တမံကိုစတင်တည်ဆောက်ခဲ့ပြီး ကျွန်းလှမြို့နှင့် ကျေးရွာပေါင်း ၇၃ ရွာ ရေအောက်ရောက်ရှိခဲ့သည်။
ဓာတ်ပုံ – CMO