
ဂန့်ဂေါ ခလရ ၅၀ စစ်ကြောင်းက စစ်ရှောင်ဒေသခံ ၄ ဦးကို ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် စစ်ကြောင်းနှင့်အတူခေါ်ဆောင်သွား
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၁၆ ရက်
မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် ဂန့်ဂေါမြို့အခြေစိုက် ခလရ ၅၀ တပ်ရင်းစစ်ကြောင်းက မြေနီရွာဒေသခံအမျိုးသား ၄ ဦးကို စက်တင်ဘာလ ၁၅ ရက် ယမန်နေ့ညပိုင်းတွင် လူသား ဒိုင်းအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများထံကသိရသည်။
အဆိုပါစစ်ကြောင်းမှာ မြေနီရွာအရှေ့ဖက်ထွဲချောင်း ကိုရောက်လာပြီးနောက် မြေနီရွာအနီးတောအတွင်း၌ စစ်ဘေးရှောင်နေသည့် ဒေသခံ ၁၀ ဦးကို ဖမ်းဆီးခဲ့ကာ အမျိုးသမီးနှင့်သက်ကြီးရွယ်အိုတချို့ကိုပြန်လွှတ်ပေးခဲ့ပြီး အမျိုးသား ၄ ဦးကို ဓားစာခံအဖြစ်ခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု ဒေသခံအမျိုးသားတဦးကပြောသည်။
စစ်ကောင်စီစစ်ကြောင်း လူသားဒိုင်းအဖြစ်ဖမ်းဆီး ခေါ်ဆောင်သွားသူများမှာ ကိုဇော်နိုင်၊ ကိုနန်းမောင်၊ ကိုတင်ဇော်နိုင် နှင့် ကိုဘိုမြင့်တို့ ၄ ဖြစ်ကာ လက်ရှိအချိန်ပြန်လည်လွတ်မြောက်ခြင်းမရှိသေးကြောင်း သိရသည်။
” ဒီကောင်တွေစစ်ကြောင်းကအင်အား၁၅၀ လောက် ပါတယ်။ မနေ့ညပိုင်းမှာ ဒီကောင်တွေက PDF ဝတ်စုံတွေဝတ်ပြီး မြေနီရွာနားက တောထဲကိုရောက်လာပြီး စစ်ရှောင် ၁၀ ယောက်လောက်ကိုဖမ်းတယ်၊ အဲ့ဒီထဲကမှ အမျိုးသား ၄ ယောက်ကိုသူတို့စစ်ကြောင်းနောက်ကိုလူသားဒိုင်းလုပ်ပြီးခေါ်သွားတာ။တော်လှန်ရေးအဖွဲ့တွေက သူတို့ကိုမတိုက်ရဲအောင်
စစ်ရှောင်တွေကိုဓားစာခံလုပ်ပြီးခေါ်သွားတာ” ဟူ ဂန်ဂေါမြို့နယ်ဒေသခံတဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
လက်ရှိတွင် အဆိုပါစစ်ကြောင်းသည် ဂန့်ဂေါမြို့နယ်
စမိတ်ရွာနှင့် ကောင်းတုံရွာအနီးဝန်းကျင်တွင် ရောက်ရှိနေပြီး ဒေသခံပြည်သူများအနေဖြင့်သတိထားနေထိုင်သင့်ကြောင်းတော်လှန်ရေးအင်အားစုများဘက်မှ သတိပေးထုတ်ပြန်ပြောဆိုထားကြောင်းသိရသည်။
#AyeyarwaddyTimes