ဟင်္သာတခရိုင်အတွင်း နိုင်/ကျဉ်းများအမှုလိုက်ပေးသည့် တရားလွှတ်တော်ရှေ့နေ ဒေါ်ဧရာလင်းထွဋ် ထောင် ၂ နှစ် ပြစ်ဒဏ်ချမှတ်ခံရ

မင်းမြတ်မောင်/ဧရာဝတီတိုင်းမ်

(မြောင်းမြ)၊ စက်တင်ဘာလ ၁၇ ရက်

ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်အတွင်းမှာ စစ်ကောင်စီရဲ့ မတရားစွပ်စွဲဖမ်းဆီးထားတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေရဲ့ အမှုတွေကို ရှေ့နေလိုက်ပေးတဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်ဧရာလင်းထွဋ်ကို စစ်ကောင်စီက စက်တင်ဘာလ ဒုတိယပတ်ထဲမှာ ထောင်ဒဏ် ၂ နှစ် ပြစ်ဒဏ်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေရဲ့ အမှုကို ရှေ့နေလိုက်ပေးတဲ့ ဒေါ်ဧရာလင်းထွဋ်ကို စစ်ကောင်စီက ပုဒ်မ ၅၀၅ (က)နဲ့ တရားစွဲဆိုပြီး ထောင်တွင်းတရားရုံးမှာ ပြစ်ဒဏ် ၂ နှစ်အမိန့်ချမှတ်ခဲ့တာလို့ ရှေ့နေအသိုင်းဝိုင်းက သိရပါတယ်။

“ အစ်မက ဒီစစ်ကောင်စီက မတရားစွပ်စွဲဖမ်းဆီးခံရတဲ့အမှုတွေကို အလိုက်များတယ် ဒါလည်း တော်တော် များများသိပါတယ် အဲ့တာကို အငြိုးထားပုံရတယ် မေလပိုင်းကဖမ်းပြီးတော့ ထောင်ထဲမှာ ဆူပူအောင်လှုံဆော် တယ်ဆိုပြီး ပုဒ်မ ၅၀၅ တပ်လိုက်တာလို့ ပြန်သိရတယ်”လို့ ရှေ့နေတဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီရဲ့ မတရားဖမ်းဆီးပြီး ထောင် ၂ နှစ်ပြစ်ဒဏ်အမိန့်ချမှတ်ခံရတဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်ဧရာလင်းထွဋ်ဟာ ထောင်ထဲမှာလည်း ကျန်းမာရေးအခြေအနေဆိုးရွာနေပြီး ဆေးကုသခွင့်လည်း မပြုထားဘူး လို့ ဆိုပါတယ်။

တရားလွှတ်တော်ရှေ့နေ ဒေါ်ဧရာလင်းထွဋ်ဟာ လွတ်လပ်သောရှေ့နေများအသင်းရဲ့ ဗဟိုအလုပ်အမှုဆောင် တဦး ဖြစ်ပြီး ဧရာဝတီတိုင်းတာဝန်ခံတဦးလည်းဖြစ်တယ်လို့ ရှေ့နေအသိုင်းဝိုင်းက သိရပါတယ်။

#ဟင်္သာတ #နိုင်ကျဥ်း #တရားလွှတ်တော်ရှေ့နေ #ဒေါ်ဧရာလင်းထွဋ် #ထောင်၂နှစ်

#Ayeyarwaddy_Times