ဧရာဝတီတိုင်းမ်
ဩဂုတ် ၇ ရက်

 

နိုဘယ်ငြိမ်းချမ်းရေးဆုရှင်လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါဝင် မတရားဖမ်းဆီး ထိန်းသိမ်းခံထားရသူများ အားလုံးကို ချက်ချင်းနှင့် ခြွင်းချက်မရှိလွှတ်ပေးရန် အမေရိကန် အစိုးရမှ ထပ်မံတောင်းဆိုခဲ့ကြောင်း ယနေ့ ဩဂုတ် ၇ ရက်တွင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ထုတ်ပြန်သည်။

 

ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ( ICRC) သွားရောက်တွေ့ဆုံမှု ကိုကြိုဆိုပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကိစ္စများ ပုံမှန်ဝင်ရောက်တွေ့ဆုံခွင့်ရရှိရေးအတွက် အစပြုမှုတစ် ရပ်ဖြစ် လာနိုင်ကြောင်းဆိုသည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်လိုအပ်သော ဆေးဘက်ဆိုင်ရာစောင့်ရှောက်မှုများရရှိနိုင်ရေး၊ မိသားစု ဝင်များအပါအဝင် သက်ဆိုင်ရာအဖွဲ့အစည်းများ သွားရောက်တွေ့ဆုံခွင့်များ ရရှိရေးအတွက် အာဏာပိုင်များက အာမ ခံပေးရန် လိုအပ်ကြောင်း အမေရိကန်သံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

မြန်မာနိုင်ငံအတွင်းဖြစ်ပွားနေသော ပဋိပက္ခများအဆုံးသတ်နိုင်ရေးအတွက် စစ်တပ်အနေဖြင့် သက်ဆိုင်ရာအဖွဲ့အစည်းများအားလုံးနှင့် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ရန် အမေရိကန်အစိုးရက တိုက်တွန်း ကြောင်းလည်း သံရုံး၏ ထုတ်ပြန်ချက်တွင် ဆိုထားသည်။

 

ရွေးတုအစိုးရသည် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံရေးအပါအဝင် အာဆီယံဘုံသဘောတူညီချက် ငါးချက်ကို အကောင်အထည်ဖော်ရန်နှင့် မတရားဖမ်းဆီးခံရသူများကိုလွတ်ပေးရန် စသည့် နိုင်ငံတကာ ၏ တောင်းဆိုမှုများ ကိုလျစ်လျူရှုထားပြီး အကျဉ်းသားနှင့် သက်ဆိုင်သော အဖွဲ့အစည်း ဖြစ်သည့် ICRC ဖြင့်သာတွေ့ခွင့်ပေးခဲ့ခြင်းဖြစ်သည်။

 

ဓာတ်ပုံ – အမေရိကန်သံရုံး