ဧရာဝတီတိုင်းမ်
ဩဂုတ် ၇ ရက်

 

ထိုင်းနိုင်ငံ၊ နွန်သဘူရီခရိုင်ရှိ အစိုးရကျောင်းတစ်ခုတွင် ယနေ့ ဩဂုတ် ၇ ရက်နေ့၊ နံနက်ပိုင်းတွငါ သေနတ်ပစ်ခတ်မှုဖြစ်ပွါးခဲ့ပြီး သေနတ်သမား အပါအဝင် လူ ၇ ဦး သေဆုံးခဲ့ကြောင်းကို တာဝန်ရှိသူများက အတည်ပြုခဲ့ကြောင်း သိရသည်။

 

တာဝန်ရှိသူများက သေနတ်ပစ်ခတ်မှုပြုလုပ်ခဲ့သည့် ကျောင်းသား၏နေအိမ်ကို သွားရောက်စစ်ဆေးရာ သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသည့် အဖိုး၊ အဖွားဟု ယူဆရသည့် အလောင်းနှစ်လောင်းကို ထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။

လက်ရှိတွင် တာဝန်ရှိသူများက အသက် ၁၇ နှစ်အရွယ် သေနတ်သမား၏ ဖခင်ဖြစ်သူကို စစ်ဆေးမေးမြန်းနေပြီး နေအိမ်တွင် သေဆုံးနေသည့် အလောင်း နှစ် လောင်း၏အထောက်အထားနှင့် သေဆုံးမှုကို အတည်ပြုနိုင်ရန် စစ်ဆေးနေကြောင်းလည်း သိရသည်။

 

သေနတ်ပစ်ခတ်မှုကြောင့် သေဆုံးသူများတွင် ထပ်မံ‌တွေ့ရှိသည့် အဖိုး၊ အဖွား အပါအဝင် ဆရာ၊ဆရာမ သုံး ဦး၊ ကျောင်းသူ၊ကျောင်းသား သုံး ဦး၊ သေနတ်သမားတို့ စုစုပေါင်း ကိုး ဦးအထိရှိနေပြီဖြစ်ကာ ထိခိုက်ဒဏ်ရာရရှိသူ ၁၅ ဦးအထိ ရှိနေကြောင်းလည်း သိရသည်။

 

ယခုကဲ့သို့ လူအများအပြား သေဆုံးခဲ့ရသည့် ကျောင်းတွင်း ပစ်ခတ်မှုဖြစ်စဉ်နှင့်ပတ်သက်၍ ထိုင်းဝန်ကြီးချုပ် အနုထင်က အလွန်ဝမ်းနည်းကြောင်း ပြောဆိုခဲ့ပြီး ဒဏ်ရာရရှိသူများကို အရေးပေါ်အကူအညီများ ပေးအပ်ရန် သက်ဆိုင်ရာ တာဝန်ရှိသူများကို ညွှန်ကြားခဲ့ကြောင်း သိရသည်။

 

ကိုးကား – Khaosod English