ဧရာဝတီတိုင်းမ်
ဩဂုတ် ၇ ရက်
ရွေးတုသမ္မတ မင်းအောင်လှိုင်သည် မြန်မာနိုင်ငံ ကက်သလစ် ဆရာတော်ကြီးများအဖွဲ့၏ ဥက္ကဋ္ဌ ကာဒီနယ် ချားလ်စ်ဘို၏ မွေးရပ်ဇာတိရွာဖြစ်သော စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မုံလှရွာအား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ပြီး ၁၀ ရက်အကြာတွင် ဆရာတော် ကာဒီနယ် ချားလ်စ်ဘို ဦးဆောင်သည့် အဖွဲ့ကို နေပြည်တော်သို့ ခေါ်ယူတွေ့ဆုံကာ ဘာသာရေး လွတ်လပ်ခွင့် ပေးထားကြောင်း ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံသို့ မသွားရောက်မီ ဩဂုတ်လ ၅ ရက်နေ့က နေပြည်တော်၌ ပြုလုပ်သည့် အဆိုပါ တွေ့ဆုံပွဲတွင် ရွေးတုသမ္မတ မင်းအောင်လှိုင်က မြန်မာနိုင်ငံ၌ ယုံကြည်ရာ ဘာသာတရားအလိုက် လွတ်လပ်စွာ ကိုးကွယ်ခွင့် ပေးထားကြောင်းနှင့် ဘာသာရေးမှတစ်ဆင့် ငြိမ်းချမ်းရေး ဆောင်ကြဉ်း ပေးရန် ဘာသာရေး ခေါင်းဆောင်များကို ဖိတ်ခေါ်သည်ဟု စည်းရုံးပြောဆိုခဲ့သည်။
ရွေးတုသမ္မတက ထိုသို့ပြောဆိုခဲ့သော်လည်း ပြီးခဲ့သည့် ဇူလိုင် ၂၅ ရက်နေ့က ကာဒီနယ် ချားလ်စ်ဘို၏ မွေးရပ်မြေ မုံလှရွာကို ရွေးတုအစိုးရစစ်တပ်က လေကြောင်းမှ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အသက် (၆၀) အရွယ် အမျိုးသမီးတစ်ဦး သေဆုံးပြီး ပြည်သူအများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

“မိမိတို့နိုင်ငံမှာ ဘာသာတရားနဲ့ ပတ်သက်ပြီး ယုံကြည်ရာ ဘာသာသာသနာအလိုက် လွတ်လပ်စွာ ကိုးကွယ်ခွင့် ပေးထားပါတယ်။ မိမိအနေနဲ့လည်း ကိုးကွယ်ရာဘာသာအလိုက် ဘာသာရေးကျောင်း တွေကို သွားရောက်လှူဒါန်းမှုနဲ့ လေ့လာမှုတွေ ဆောင်ရွက်ခဲ့ပါတယ်” ဟု ရွေးတုသမ္မတ မင်းအောင်လှိုင်က ပြောဆိုခဲ့ကြောင်း ၎င်းတို့၏ ဝါဒဖြန့် သတင်းစာများတွင် ဖော်ပြထားသည်။
ထို့အပြင် ၎င်းအနေဖြင့် ကိုးကွယ်ရာ ဘာသာသာသနာနှင့် ပတ်သက်၍ ခွဲခြားမှုများ မထားရှိဘဲ ဘာသာ တရားမှတစ်ဆင့် ငြိမ်းချမ်းမှု၊ သာယာဝပြောမှုများကို ဆောင်ကြဉ်းပေးနိုင်ရေး အားပေးလျက်ရှိသလို ငြိမ်းချမ်းရေးအတွက်လည်း ဖိတ်ခေါ်နေကြောင်း အာဏာသိမ်း ရွေးတုသမ္မတက ဆက်လက် ပြောကြားသည်။
ယင်းအတွက်ကြောင့် ဘာသာရေးဆိုင်ရာ ခေါင်းဆောင်နေရသူများအနေဖြင့် နိုင်ငံငြိမ်းချမ်းရေးအတွက် ပြည်သူများ၏ အတွေးအခေါ်များ၊ စိတ်ဓာတ်များ ယဉ်ကျေးသိမ်မွေ့လာစေရေးနှင့် ငြိမ်းချမ်းမှု၊ သာယာဝပြောမှုကို ဆောင်ကြဉ်းပေးနိုင်ရေး ဘာသာတရားမှတစ်ဆင့် ဆောင်ရွက်ပေးရန် ၎င်းက ဆိုသည်။
ရွေးတုသမ္မတက ထိုသိုပြောဆိုခဲ့သော်လည်း အာဏာသိမ်းမှုကို ဆန့်ကျင်သည့် သံဃာတော်များနှင့် ဘာသာရေး ခေါင်းဆောင် အများအပြားကို ဖမ်းဆီးထောင်ချခြင်း၊ သတ်ဖြတ်ခြင်းနှင့် ဘာသာရေး ခွဲခြားဆက်ဆံ ဖိနှိပ်ခြင်းများကို စနစ်တကျ ကျူးလွန်လျက်ရှိသည်။ စစ်ရေးအရ ရှုံးနိမ့်ချိန် များတွင်လည်း ဘာသာရေး အဆောက် အအုံများကို ပစ်မှတ်ထား တိုက်ခိုက်လေ့ရှိသည်။
လူ့အခွင့်အရေးနှင့် စောင့်ကြည့်ရေးအဖွဲ့ဖြစ်သည့် Myanmar Witness ၏ ယခုနှစ် မတ်လ အစီရင်ခံစာအရ စစ်တပ်က အာဏာသိမ်းပြီးချိန်မှစ၍ နိုင်ငံတဝန်း ဘာသာရေး အဆောက်အအုံ များအပေါ် လေကြောင်းမှ ပစ်မှတ်ထား တိုက်ခိုက်မှုပေါင်း ၃၁၂ ကြိမ်အထိ ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုများသည် နေပြည်တော်နှင့် ရန်ကုန်မှလွဲ၍ ကျန်တိုင်းနှင့် ပြည်နယ် ၁၃ ခုတွင် ဖြစ်ပွားခဲ့ပြီး စစ်ကိုင်းတိုင်းနှင့် ရှမ်းပြည်နယ်တို့တွင် (၅၇) ကြိမ်စီဖြင့် အများဆုံးဖြစ်ကာ မန္တလေးတိုင်းတွင် ၅၃ ကြိမ်ဖြင့် ဒုတိယအများဆုံး ဖြစ်ခဲ့သည်။
အဆိုပါ တွေ့ဆုံပွဲတွင် ကာဒီနယ် ချားလ်စ်ဘိုက နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မြေ ၂ ဧကပေါ်၌ ကက်သလစ် ဘုရားကျောင်း ဆောက်လုပ်ရန် ခွင့်ပြုပေးမှုအပေါ် ကျေးဇူးတင်ကြောင်း ပြောဆိုခဲ့သည် ဟုလည်း ရွေးတုအစိုးရ၏ ဝါဒဖြန့် သတင်းစာတွင် ဖော်ပြထားသည်။
ဓာတ်ပုံ – MOI