‎ဧရာဝတီတိုင်းမ်
‎ဩဂုတ် ၇ရက်

‎ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် အသက် (၂၃) နှစ်အရွယ် အမျိုးသမီး တစ်ဦးအား မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သည့် အမှုမှ တရားခံ သုံးဦးကို စစ်တွေခရိုင်တရားရုံးက သေဒဏ်နှင့် ထောင်ဒဏ် နှစ် ၂၀ စသည့် ပြစ်ဒဏ်များ အသီးသီး ချမှတ်လိုက်ကြောင်း အာရက္ခ မှုခင်းနှင့် ဆက်စပ်သတင်းများ ထုတ်ပြန်ရေးအဖွဲ့က ယမန်နေ့ ဩဂုတ် ၆ ရက်တွင် ထုတ်ပြန်ထားသည်။

ပုဏ္ဏားကျွန်းမြို့နယ်၊ အောင်ဆိပ်ကျေးရွာမှ ‎ပြီးခဲ့သည့် ဇူလိုင် ၁၈ ရက်နေ့ကတည်းက ပျောက်ဆုံး နေသည့် အမျိုးသမီးတစ်ဦး၏ ရုပ်အလောင်းကို ဇူလိုင် ၂၂ရက်၊ ည ၁၀ နာရီအချိန်တွင် တန်းစွယ်ကျေးရွာ အနောက်ဘက် တောင်ခြေရင်းရှိ သရက်ခြံမြောင်အတွင်း လက်ထိပ်နောက်ပြန်ခတ် လျက်သား ပုပ်ပွသေဆုံးနေသည်ကို တွေ့ရှိခဲ့ရခြင်းဖြစ်သည်။

‎အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ သက်ဆိုင်ရာ ဒီလပ် (ရဲ) စခန်းက အမှုအမှတ် (ပ) ၁၈/၂၀၂၆၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂ အရ အမှုဖွင့်လှစ်ကာ စုံစမ်းစစ်ဆေးမှုများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့သည်။

‎စုံစမ်းစစ်ဆေးချက်များအရ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုပ်ရွာ ယာယီစစ်ရှောင်စခန်းတွင် နေထိုင်သည့် မောင်တင်ဝင်း ၃၇ နှစ်ကအမျိုးသမီးအား မုဒိမ်းကျင့် သတ်ဖြတ်ခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့သည်။ ထို့ပြင် ၎င်း၏ ထွက်ဆိုချက်အရ ကြံခင်းကယ်ဆယ်ရေးစခန်း၌ နေထိုင်သူများဖြစ်ကြသည့် မောင်အေးကျော် (ခ) မောင်ပု ၂၉ နှစ် နှင့် မောင်သန်းစိုး (ခ) င/လုံး ၂၁ နှစ် တို့နှစ်ဦးသည်လည်း အဆိုပါပြစ်မှုတွင် ပူးပေါင်းပါဝင်ခဲ့ကြောင်း ပေါ် ပေါက်ခဲ့သဖြင့် ၎င်းတို့ သုံးဦးလုံးအား ဇူလိုင် ၂၄ ရက်နေ့တွင် ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

‎ရဲတပ်ဖွဲ့က တရားခံများအား ချုပ်ရက်ရယူခြင်း၊ သက်သေခံပစ္စည်းများ သိမ်းဆည်းခြင်းနှင့် တရားစွဲဆို နိုင်ရေး ခိုင်မာစွာ တည်ဆောက်ပြီးနောက် ဇူလိုင် ၃၁ ရက်နေ့တွင် စစ်တွေခရိုင်တရားရုံးသို့ တရားစွဲ တင်ပို့ခဲ့သည်။

‎စစ်တွေခရိုင်တရားရုံး (ရာဇဝတ်ကြီးမှုအမှတ် – ၃၅/၂၀၂၆) ၌ တရားလိုပြသက်သေ ၁၉ ဦးနှင့် နှစ်ဖက် စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ဩဂုတ် ၅ ရက်နေ့တွင် ခရိုင်တရားသူကြီးက အမိန့်ချမှတ်ခဲ့သည်။

‎တရားခံ မောင်တင်ဝင်း ကို ပြစ်မှုထင်ရှားသဖြင့် ရာဇသတ်ကြီးပုဒ်မ – ၃၀၂ (၁)(ဂ) အရ မသေမချင်း လည်ပင်းကြိုးကွင်းစွပ်၍ သတ်စေ ဟု သေဒဏ်အမိန့် ချမှတ်ခဲ့သည်။

‎တရားခံ မောင်အေးကျော် (ခ) မောင်ပု နှင့် တရားခံ မောင်သန်းစိုး (ခ) င/လုံး တို့နှစ်ဦးအား ပြစ်မှုတွင် ပူးပေါင်း ပါဝင်ကူညီခဲ့သည့်အတွက် ရာဇသတ်ကြီးပုဒ်မ – ၃၆၄ အရ ထောင်ဒဏ်နှစ် ၂၀ စီ အသီးသီး ကျခံစေရန် မိန့်ဆိုခဲ့သည်။

‎အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေဖြင့် ပြည်သူလူထုအတွင်း လူသတ်မှု၊ မုဒိမ်းမှုနှင့် သက်ငယ်မုဒိမ်းမှုအပါအဝင် မှုခင်းများ လျော့နည်းကျဆင်းရေးကို အဓိကထား ဆောင်ရွက်လျက်ရှိပြီး ပြစ်မှုကျူးလွန်သူများ လွတ်မြောက်မှု မရှိစေရေး မူဝါဒဖြင့် ထောက်လှမ်းဖမ်းဆီးမှုများ ထိရောက်စွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။