ဧရာဝတီတိုင်းမ်
(ဟားခါး)၊ ဧရာဝတီတိုင်းမ်

ချင်းပြည်နယ်၏ မြို့တော် ဟားခါးတွင် ဗုံးပေါက်ကွဲသည့်ဖြစ်စဉ်ကြောင့် အရပ်သား ၅၀ နီးပါးကို ဖမ်းဆီးစစ်ဆေးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့ သြဂုတ်လ ၆ ရက်နေ့တွင် ဟားခါးမြို့၊ ပြည်တော်သာရပ်ကွက်ရှိ CB ဘဏ်ရှေ့တွင် စစ်တပ်က လက်ပစ်ဗုံးတစ်လုံး ဖောက်ခွဲခဲ့ခြင်းဖြစ်သည်။

“ကင်းစောင့်နေတဲ့ စစ်သားတွေက လက်ပစ်ဗုံးတစ်လုံး ပေါက်ကွဲတယ်။ ပြီးရင် လက်နက်ငယ် ပစ်ခတ်မှုတွေ ပြုလုပ်တယ်”ဟု ဟားခါးမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စစ်တပ်သည် အနီးအနားရှိ အမျိုးသား ၅၀ ခန့်ကို ဖမ်းဆီးစစ်ဆေးမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

“လမ်းသွားလမ်းလာ အမျိုးသားတွေကို ကြိုးတွေနဲ့ ချည်ပြီး ဖမ်းဆီးစစ်ဆေးတယ်”ဟု အထက်ပါ ဟားခါးမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဖမ်းဆီးခံရသူများကို ဆက်လက်ထိန်းသိမ်းရန် စစ်တပ်ဘက်က ကြိုးပမ်းသော်လည်း ရဲတပ်ဖွဲ့က ပြန်လွှတ်ပေးရန် သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် ဖမ်းဆီးထားသူအားလုံး ပြန်လွတ်မြောက်လာခြင်းဖြစ်သည်။

ယခု ဗုံးပေါက်ကွဲမှုသည် CDF လက်ချက်ဖြစ်ကြောင်း စွပ်စွဲရန် ရည်ရွယ်၍ လုပ်ဆောင်ခြင်းဖြစ်ကြောင်း CDF ဟားခါး တာဝန်ရှိသူတစ်ဦးက ၎င်း၏ ဖေ့စ်ဘွတ် လူမှုကွန်ရက်တွင် ဖော်ပြထားသည်။

စစ်တပ်တပ်ဖွဲ့ဝင်များအနေဖြင့် လမ်းသွားလမ်းလာများနှင့် ဆိုင်ကယ်စီးသူများကို တားဆီးစစ်ဆေးကာ ဖုန်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။