ဧရာဝတီတိုင်းမ်
ဩဂုတ် ၆ ရက်

 

ရွေးတုအစိုးရ၏ ရက် ၁၀၀ စီမံကိန်းကာလအတွင်း အထွေထွေကုန်ဈေးနှုန်းများ ထပ်မံမြင့်တက်သွားချိန်တွင် ဆန်ဈေးနှုန်းလည်း လိုက်ပါမြင့်တက်သွားကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရသည်။

 

ဇူလိုင်လကုန်မှစ၍ ဆန်ဈေးနှုန်းမြင့်တက်လာခြင်းဖြစ်ကာ ဆန်အမျိုးအစားကွာခြားချက်ပေါ်မူတည်ပြီး ဆန်တစ်အိတ်လျှင်ကျပ် သုံးထောင်၊ ငါးထောင်ကျပ်မှ တစ်သောင်းကျပ်နီးပါးဈေးမြင့်တက်လာကြောင်း ရန်ကုန်မြို့ရှိ လက်လီလက်ကားဈေးကွက်ထံမှ သိရသည်။

 

လက်ရှိတွင် ရေကြီးရေလျှံမှုကိုအကြောင်းပြကာ ဆန်ဈေးနှုန်းမြင့်တက်သည့်အပြင် ဆန်ဆိုင်များထံဈေးနှုန်းမေးရာတွင် ဈေးနှုန်းတည်ငြိမ်မှုမရှိခြင်း၊ ပွင့်လင်းမြင်သာစွာမေးခွင့်မရခြင်းနှင့် ဈေးအမျိုးမျိုးပြောင်းလဲပြောဆိုမှုများ ကြုံတွေ့နေရကြောင်း သိရသည်။

“ဆန်ဈေးက ရေမတက်ခင်ကတည်းက ဈေးတက်နေတာ။ အခုဒီရက်ပိုင်းမှာဈေးပိုတက်လာတယ်။ အချို့ဆိုင်တွေက ဈေးကိုထိုးတင်တယ်။ ဆန်အမျိုးအစားတစ်မျိုးတည်းကို နှစ်သောင်းလောက်ကိုကွာတယ်။ ရွှေဘိုပေါ်ဆန်းမွှေးထူးထူးရှယ်ကတော့ အမြင့်ဆုံးဈေးပဲ သုံးသိန်းနီးပါးပဲ” ဟု ရန်ကုန်မြို့ခံအိမ်ရှင်မတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

ပြည်တွင်းလက်လီဆန်ဈေးကွက်တွင် နဒီရွှေဘိုတစ်အိတ် ၂၆၀,၀၀၀ ကျပ်၊ ရွှေဘိုပေါ်ဆန်းမွှေး ၂၂၀,၀၀၀ ကျပ် ဧရာရွှေဘိုထူးထူးရှယ် တစ်အိတ် ၁၉၅,၀၀၀ ကျပ်၊ မြောင်းမြပေါ်ဆန်း ၁၉၀,၀၀၀ ကျပ်၊ ကြားပျံထူးရှယ် ၁၈၀,၀၀၀ ကျပ်၊ ဆင်းသွယ်ရှယ် ၁၃၅,၀၀၀ ကျပ်၊ ရက် ၉၀ ဆန် ၁၁၅,၀၀၀ ကျပ်၊ ဇီယာ ၉၅၀၀၀ ကျပ်ဈေးအသီးသီးရှိကာ ရေကြီးမှုကြောင့် ဈေးနှုန်းမတည်ငြိမ်လျက်ရှိကြောင်း စုံစမ်းသိရသည်။

 

“ကုန်စည်ဒိုင်ဈေးမှာကို အရင်တက်နေပြီ။ အခြားကုန်ကျစရိတ်နဲ့ ဆန်ဈေးကတက်တာ။ အရင်ဈေးနဲ့တက်ဈေးကြားထိန်းရောင်းနေကြတယ်။ ရေကြီးလို့ ဆန်ဈေးချက်ချင်းတက်တာတော့ မဟုတ်ပါဘူး။ အခြားစရိတ်တွေတက်တော့အကုန်တက်ကုန်တာ” ဟု ဆန်ဆိုင်ပိုင်ရှင်တစ်ဦးက မှတ်ချက်ပြုသည်။

 

ထို့ပြင် လက်ရှိစိုက်ပျိုးထားသော စပါးခင်းများတွင် ပိုးကျခြင်းနှင့် အပင်သေခြင်းတို့ဖြစ်ပေါ်နေကာ စပါးအထွက်နှုန်းနည်းနိုင်ကြောင်း ကျောက်တန်းမြို့ခံ လယ်သမားတစ်ဦးက ပြောကြားသည်။

 

ယင်းပြင် ဧရာဝတီတိုင်းအတွင်း ရေကြီးနစ်မြုပ်မှုကြောင့် စပါးစိုက်ခင်းများ ပျက်စီးနိုင်ပြီး ရေပြန်လည်ကျဆင်းသွားပြီးနောက် ထိခိုက်ပျက်စီးမှုများကိုကြည့်ကာ ဓာတ်မြေဩဇာများ၊ ပိုးသတ်ဆေးများ၊ သွင်းအားစုများပံ့ပိုးပြီး အချိန်မီပြန်လည်စိုက်ပျိုးနိုင်ရေးနှင့် အချိန်မီပြန်မစိုက်နိုင်ပါက ဆောင်းသီးနှံ မတ်ပဲ၊ ပဲပုတ်စိုက်ပျိုးနိုင်ရန်ဆွေးနွေးကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ထံမှ သိရသည်။

 

ဧရာဝတီတိုင်းတွင် မိုးစပါးစိုက်ဧက ၃ ဒသမ ၇ သန်းရှိကာ ရေနစ်ဧက သုည ဒသမ ၃၁ ရာခိုင်နှုန်းရှိပြီး အချို့ဒေသများတွင် ရေပြန်ကျဆင်းချိန်ကြာမြင့်၍ ထိခိုက်ပျက်စီးသောနေရာအချို့တွင် အခြားသီးနှံပြန်လည်စိုက်ပျိုးနိုင်ရေးကူညီရမည်ဖြစ်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

 

ဓာတ်ပုံ – လူမှုကွန်ရက်