ဧရာဝတီတိုင်းမ်
ဩဂုတ် ၆ ရက်

 

ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် စစ်ခေါင်းဆောင် အသွင်းပြောင်း ရွေးတုသမ္မတမင်းအောင်လှိုင်၏ နှစ်ရက်ကြာထိုင်းနိုင်ငံခရီးစဉ်အတွင်း ယနေ့ဩဂုတ် ၆ ရက်နေ့တွင် ထိုင်းဝန်ကြီးချုပ်အနုထင်နှင့် တွေ့ဆုံ၍ အလုပ်သမားပူးပေါင်းဆောင်ရွက်မှု၊ ရေအရည်အသွေးစီမံခန့်ခွဲမှုနှင့် အာကာသနည်းပညာ ဆိုင်ရာ နားလည်မှုစာချွန်လွှာ (MOU) သုံးစောင်ကို သဘောတူ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

 

ဘန်ကောက်မြို့ရှိ ထိုင်းအစိုးရအိမ်တော်၌ ပြုလုပ်သည့် နှစ်နိုင်ငံ အစည်းအဝေးတွင် နှစ်နိုင်ငံ လုံခြုံရေး၊ စီးပွားရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ စွမ်းအင်နှင့် နယ်စပ်ဖြတ်ကျော် ပြဿနာရပ်များကို ဆွေးနွေးခဲ့ ကြကြောင်း သိရသည်။

နယ်စပ်လုံခြုံရေးနှင့် ပတ်သက်၍ နယ်စပ်ဖြတ်ကျော် ပြစ်မှုများ၊ မူးယစ်ဆေးဝါး ပြဿနာများ၊ ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းများကို နှိမ်နင်းရန်နှင့် နယ်စပ်ဒေသ ဘေးကင်းရေး မြှင့်တင်ရန် ထိုင်းဝန်ကြီး ချုပ်က ပြောဆိုခဲ့ပြီး နယ်စပ်ကုန်သွယ်ရေးအတွက် အတားအဆီးများကို လျှော့ချရန်လည်း တိုက်တွန်း ခဲ့သည်။

 

ထို့ပြင် ထိုင်းနိုင်ငံအတွင်းရှိ မြန်မာအလုပ်သမားများ၏ အရေးပါမှုကို ထိုင်းအစိုးရဘက်က ထုတ်ဖော် ပြောဆိုခဲ့ပြီး အလုပ်သမားများ၏ အခွင့်အရေးကို ကာကွယ်ရန်နှင့် တရားဝင် အလုပ်အကိုင်များ မြှင့်တင်ပေးမည်ဟု ကတိပြုခဲ့သည်။ နယ်စပ်ဖြတ်ကျော် မီးခိုးမြူပြဿနာနှင့် မြစ်ရေညစ်ညမ်းမှု ပြဿနာများကို ဖြေရှင်းရန် ပူးပေါင်းဆောင်ရွက်သွားမည်ဟုလည်း ဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးအတွင်း ထိုင်းဝန်ကြီးချုပ် အနုတင်က ရွေးတုသမ္မတ မင်းအောင်လှိုင် ရာထူးရယူ လာသည့်အပေါ် ဂုဏ်ယူကြောင်း ပြောဆိုခဲ့ပြီး အာဆီယံတွင် မြန်မာနိုင်ငံ ပါဝင်မှုကို ထောက်ခံပေးရန်နှင့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်ရန် အဆင်သင့်ရှိကြောင်းလည်း ပြောကြားခဲ့သည်။

 

တစ်ဖက်တွင်လည်း ရွေးတုသမ္မတ မင်းအောင်လှိုင်၏ ခရီးစဉ်နှင့် ပတ်သက်၍ River and Rights ဖောင်ဒေးရှင်းမှ ထိုင်းနိုင်ငံသူ ပီယန်ပွန်း ဒီတက်စ် နှင့် မြန်မာရွှေ့ပြောင်းလုပ်သားများအရေး ဆောင်ရွက် ပေးနေသည့် Bright Future အဖွဲ့တို့က ယနေ့ ဩဂုတ်လ ၆ ရက်နေ့ မွန်းလွဲပိုင်းတွင် ဘန်ကောက်မြို့ရှိ ကုလသမဂ္ဂ (UN) ရုံးရှေ့၌ စုဝေးကာ ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။

 

ဆန္ဒပြသူများက ရွေးတုအစိုးရ၏ ပြည်သူအပေါ် အကြမ်းဖက်မှုများ၊ သတ္တုတွင်း အဆိပ်အတောက် များကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးနေမှုများနှင့် CI စင်တာများမှတစ်ဆင့် ရွှေ့ပြောင်းလုပ်သား များထံမှ ငွေညှစ်နေမှုများကို ထောက်ပြခဲ့ကြပြီး ထိုင်းအစိုးရအနေဖြင့် ရွေးတုအစိုးရနှင့် ဆက်ဆံရေး များ ချက်ချင်းရပ်တန့်ရန် တောင်းဆိုခဲ့ကြသည်။

 

ကိုးကား – The Reporters