ဧရာဝတီတိုင်းမ်
ဩဂုတ် ၆ ရက်
ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်တွင် ဇူလိုင်လ ၃၀ ရက်နေ့ညပိုင်းကတည်းက ငဝန်တာတမံ ကျိုးပေါက်ကာ ရေကြီးရေလျှံမှု ဖြစ်ခဲ့သော်လည်း ရွေးတုစစ်အစိုးရက ဒုသမ္မတဦးညိုစောဦးဆောင်ကာ ခြောက်ရက်အကြာ ဩဂုတ်လ ၅ ရက်နေ့မှသာ အစည်းအဝေးပြုလုပ်ခဲ့ကြောင်း သိရသည်။
ရေဘေးသင့်ပြည်သူများကို သွားရောက်ကူညီကယ်ဆယ်ပေးနေသည့် အသက် ၂၂ နှစ်အရွယ် စေတနာ့ဝန်ထမ်း လူငယ်တစ်ဦး ရေစီးနှင့်မျောပါကာ အသက်ဆုံးရှုံးခဲ့ရသည့် ဝမ်းနည်းဖွယ် ရာ အဖြစ်မှန်ရှိနေသော်လည်း ရွေးတုစစ်အစိုးရမှ ဒုတိယသမ္မတဆိုသူကမူ အဆိုပါ ဩဂုတ် ၅ ရက် အစည်းအဝေး၌ လူအသေအပျောက် တစ်စုံတစ်ရာမရှိခဲ့ဟု မြေပြင်အခြေအနေနှင့် ဆန့်ကျင်စွာ လိမ်ညာပြောဆိုသွားခဲ့သည်။
“တာဟောင်း တာသစ် နှစ်ခုလုံးကျိုးသွားပါပြီ။ဧရိယာ ကျိုးသွားတဲ့ တာအရှည် ပေ ၂၅၀ နဲ့ ၃၀၀ ဝန်းကျင်ရှိပါတယ်။ ရေအလုံးအရင်းနဲ့ ဝင်ရောက်နေဆဲပါ။ တာကျိုးတဲ့နေရာကို မပိတ်နိုင်သ၍ မြစ်ရေက ဆက်ပြီးတော့ဝင်နေမှာပါ။ ရေမြုတ်တဲ့ ဧရိယာ ပိုကျယ်ပြန့်လာနိုင်ပြီး စပါးစိုက်ပျိုးထားတဲ့ လယ်တွေ ပျက်ဆီးတာ တိုးလာနိုင်ပါတယ်”ဟု ကူညီကယ်ဆယ်ရေးပြု လုပ်နေသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဧရာဝတီနှင့် ငဝန်မြစ်ရိုးတစ်လျှောက်ရှိ တာတမံများ ကြံ့ခိုင်မှုကို ကွင်းဆင်းစစ်ဆေးရန်၊ ရေကင်းများ စနစ်တကျချထားရန်နှင့် မြစ်ကြောင်းများတွင် အနိမ့်တာတမံများ တည်ဆောက်ရေးအပါအဝင် ပျက်စီးသွားသည့် လမ်း၊ တံတား၊ လျှပ်စစ်၊ ဆက်သွယ်ရေးနှင့် ဆေးရုံ၊ကျောင်းများကို အမြန်ဆုံး ပြန်လည်ပြင်ဆင်ရန်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဩဂုတ် ၃ ရက် ညနေပိုင်းတွင် လေးမျက်နှာမြို့ အမှတ် (၃) ရပ်ကွက်ရှိ ရေမြုပ်နေသည့်နေအိမ် တစ်လုံးအတွင်း အသက် ၆၉ နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦး သေဆုံးနေပြီး ဩဂုတ် ၅ ရက်မှာလည်း အိုင်သပြုကျေးရွာ အောင်မင်္ဂလာရပ်ကွက်အတွင်း ရေစီးနှင့်မျောပါသွားသည့် အသက် ၂၀ ကျော်အရွယ် အမျိုး သားတစ်ဦး၏ ရုပ်အလောင်းကို ကူညီကယ်ဆယ်ရေးအဖွဲ့များက ရှာဖွေတွေ့ရှိခဲ့သည်။