ဧရာဝတီတိုင်းမ်
သြဂုတ် ၆ ရက်
ဧရာဝတီတိုင်း၊ ကျောင်းကုန်းမြို့နယ်၊ အမှတ် ၄ ရပ်ကွက်တွင် အုပ်ချုပ်ရေးမှူး စစ်မှုထမ်းဟောင်း ဦးသီဟဇော်သည် ရပ်ကွက်အတွင်း လိုင်စင်မဲ့ KTV လုပ်ငန်း ဖွင့်လှစ်ထားပြီး အကြောင်းအမျိုးမျိုးပြ၍ စစ်မှုထမ်းကြေးများ ဆက်တိုက်ကောက်ယူနေကြောင်း ဒေသခံများက သတင်းရရှိသည်။
အုပ်ချုပ်ရေးမှူး ဦးသီဟဇော်သည် ပြည်သူ့စစ်မှုထမ်း ဥပဒေပြဌာန်းချိန်မှစတင်ပြီး စစ်မှုထမ်းအကြောင်း ငွေတောင်းသည့်အပြင် လူငယ်များကို ဖမ်းဆီးကာ လူစားထိုးရောင်းစားမှုများလည်း ပြုလုပ်ကြာင်း သိရသည်။
စစ်မှုထမ်း အစားထိုးလူရှာဖွေရာတွင်လည်း ငွေကြေးပေးမည်ဟု ပြောဆိုပြီး ငွေကြေးအပြည့်ဝ မပေးဆောင်ပဲ သိန်းဆယ်ချီ ဖြတ်တောက်ယူနေကြောင်း ဒေသခံများကပြောသည်။
“ဒီလူက ခြေပြတ်ပီး စစ်တပ်ထဲကထွက်လာတာ စစ်မှုထမ်းတွေ စခေါ်ကတည်းက အကြောင်းအမျိုးမျိုးပြ ငွေတောင်းတာ။ စီးပွားရေးသဖွယ် လုပ်နေတာ။ မြို့နယ်ကလည်း ဘာမှမလုပ်ရဲဘူး။ စစ်မှုထမ်းကြေးကောက်တာလဲ ခုဆို နှစ်နဲ့ချီနေပြီ။ လိုင်စင်မဲ့ကားနဲ့ ပတ်နေပီး ထင်တိုင်းကြဲနေတာ”ဟုကျုံပျော်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
စစ်တပ်ကျောထောက်နောက်ခံဖြင့် ရပ်ကွက်အတွင်း လိုင်စင်မှမရှိသော KTV တစ်ခုကို ဖွင့်လှစ်ကာ စီးပွားရှာနေသည့်အပြင်၊ စစ်မှုထမ်းကြေးလစဉ်တောင်းပြီး စီးပွားဖြစ်နေသည်ဟု ဒေသခံများကပြောသည်။
ထို့ပြင် ဦးသီဟဇော်သည် ပျူစောထီးအဖွဲ့ဝင် အယောက် ၅ဝ အဖွဲ့၏ ခေါင်းဆောင်ဖြစ်ပြီး ပျူအဖွဲ့ဝင် ၅ဝ ၏ လစာများကိုလည်းထုတ်ယူနေကြောင်း ပျူအဖွဲ့ဝင်များကပြောသည်။
၎င်းကို အကျင့်ပျက်ခြစားမှုများနှင့် ပတ်သက်၍ ယခင်က အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စစစ) က လာရောက်စစ်ဆေးခဲ့ဖူးသော်လည်း၊ ငွေပေးကမ်းကာ အမှုဖျောက်၍ ဖြေရှင်းသွားခဲ့ကြောင်း ဒေသခံများကပြောဆိုသည်။
ကျောင်းကုန်းမြို့နယ်ရှိ ဘုရားကြီးကုန်းကျေးရွာ၊ ရွံ့ဂယက်၊ တံခွန်တိုင်၊ သရက်ပင်ဆိပ်၊ဘုန်းကြီးအိုင်၊ ဆင်ကူးကျေးရွာများရှိ လူငယ်အချို့မှာ စစ်မှုထမ်းဆောင်ရမည်ကု စိုးရိမ်၍ ထွက်ပြေးနေရကြောင်း ဧရာဝတီတိုင်းမ် က စုံးစမ်းသိရှိရသည်။
ဓာတ်ပုံ-ပေးပို့
ပုံစာ-အုပ်ချုပ်ရေးမှူး ဦးသီဟဇော်