ဧရာဝတီတိုင်းမ်
(ကြို့ပင်ကောက်)၊ ဩဂုတ် ၆ ရက်
ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် ရွေးတုအစိုးရစစ်တပ်သည် ဒေသခံ များကို စည်းရုံးရေးဆင်း လှည့်ဖြားနေသော်လည်း တစ်ဖက်တွင်မူ ကျေးရွာများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းနှင့် ပြည်သူများကို အကြောင်းမဲ့ ပစ်သတ်ခြင်းများ ဆက်တိုက်ကျူးလွန်နေကြောင်း ဒေသခံများထံမှ သိရသည်။
ရွေးတုအစိုးရစစ်တပ်သည် ယမန်နေ့ ဩဂုတ်လ ၅ ရက်နေ့က ကြို့ပင်ကောက်မြို့နယ်၊ အင်တိုင် ကုန်းကျေးရွာကို Y-12 လေယာဉ်ဖြင့် အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ မိန်းကလေးငယ်တစ်ဦး အပါအဝင် ဒေသခံ ခြောက် ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် သုံး လုံး ထိခိုက်ပျက်စီးခဲ့သည်။

ထို့ပြင် ဩဂုတ်လ ၄ ရက်နေ့ကလည်း မြို့ကိုင်းကျေးရွာ ဘုန်းကြီးကျောင်းတွင် ညအိပ်ပြီး အိမ်သို့ ပြန်လာသည့် အမျိုးသား သုံးဦးကို စစ်တပ်စစ်ကြောင်းက သေနတ်ဖြင့် လိုက်လံပစ်ခတ်ခဲ့သဖြင့် အသက် (၃၃) နှစ်အရွယ် ကိုပေါက်စမှာ နေရာတွင်ပင် သေဆုံးခဲ့ရသည်။ ကျန်တစ်ဦးမှာ လွတ်မြောက် သွားခဲ့သော်လည်း ဦးစန်းမြင့် ဆိုသူမှာ ဖမ်းဆီးခံခဲ့ရသည်။
“စစ်တပ်နဲ့ တိုးတာမှာ ‘တစ်ယောက်မှ မပြေးနဲ့’ ဆိုပြီး သေနတ်နဲ့ လိုက်ပစ်တာ။ ပထမရက်က ချောင်းခွ ရွာမှာ အစည်းအဝေးတွေလုပ်တယ်။ ‘ရွာတွေမှာ သူတို့လာနေတာ သူတို့ကို မကြောက်နဲ့၊ ဘာမှမလုပ် ဘူး။ PDF တွေလာတာ မကြိုက်လို့ လာနေတာ၊ PDF မလာရင် ရွာမှာ အေးဆေးနေလို့ရမယ်’ ဆိုပြီး စည်းရုံးတာ။ ပြည်သူတွေက ဟုတ်မလိုလိုနဲ့ နေနေကြတာ” ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဖမ်းဆီးခံထားရသည့် ဦးစန်းမြင့်ကို ရွေးတုအစိုးရစစ်တပ်က ပြည်သူ့စစ် ငါး ဦး ပေးမှသာ ပြန်လွှတ် ပေးမည်ဟု ခြိမ်းခြောက်ပြောဆိုထားပြီး လက်ရှိအချိန်ထိ မိသားစုနှင့် တွေ့ဆုံခွင့် ပေးခြင်းမရှိသေး ကြောင်း ဒေသခံများထံမှ သိရသည်။
ရွေးတုအစိုးရစစ်တပ်သည် ပြီးခဲ့သည့် ဇူလိုင်လ ၇ ရက်နေ့မှစတင်ကာ ကြို့ပင်ကောက်မြို့နယ်အတွင်း စစ်ကြောင်းထိုးကာ ပြည်သူများကို ၎င်းတို့က ဘာမှမလုပ်ပါဟု လိုက်လံစည်းရုံးနေသော်လည်း အမှန်တကယ်တွင် ရွေးတုအစိုးရစစ်တပ်၏ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ဒေသခံ လေး ဦးအထိ သတ်ဖြတ်ခံထားရပြီး အများအပြား ဒဏ်ရာရရှိကာ နေအိမ် မီးရှို့ဖျက်ဆီးခံရမှုများလည်း ရှိနေသည်။
လက်ရှိတွင် စစ်တပ်၏ စစ်ကြောင်းထိုး သောင်းကျန်းမှုကြောင့် ကျွဲသေ၊ ကျွဲတဲ၊ ကျောက်ကုန်း၊ သခွတ်ပင်၊ မင်းဝ၊ စိန်ချောင်း၊ ကျခတ္တန်း၊ မြို့ကိုင်း၊ မြို့ကိုင်းကွက်သစ်၊ သရက်ကုန်း၊ ကျွန်းတောစု၊ မီးလောင်ကုန်း၊ ရုံးချောင်း၊ ချောင်းခွ၊ ဧရွာလေး၊ ဥယျာဉ်ကြီးနှင့် ကန်ဦး စသည့် ကျေးရွာများမှ ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။
အချို့သော ဒေသခံများမှာမူ ရွေးတုအစိုးရစစ်တပ်က ပြန်လာရန် ဖိအားပေး ခေါ်ယူသည့်အတွက် ရွာအတွင်း ပြန်လည်ဝင်ရောက် နေထိုင်နေကြရကြောင်း သိရသည်။
ဓာတ်ပုံ – လူမှုကွန်ရက်