‎ဧရာဝတီတိုင်းမ်
‎ဩဂုတ် ၆ရက်

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ကို ရွေးတုအစိုးရစစ်တပ်က သြဂုတ် ၄ ရက် ညပိုင်းတွင် ဂျက်ဖိုက်တာနှင့် Y-12 လေယာဉ်များ အုပ်စုလိုက် အသုံးပြု၍ မရပ်မနား ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အပြစ်မဲ့ စစ်ဘေးရှောင် ပြည်သူ လေး ဦး ဒဏ်ရာရရှိခဲ့ကြောင်း အာရက္ခတပ်တော် (AA) သတင်းနှင့် ပြန်ကြားရေးက ထုတ်ပြန်သည်။

စစ်တပ်သည် ‎ပြီးခဲ့သည့် သြဂုတ် ၄ ရက် ည ၉ နာရီခန့်မှ ၁၀ နာရီကျော်အထိ တစ်နာရီကျော်ကြာ ညဘက်အချိန်တွင် ဂျက်ဖိုက်တာ ခြောက်စင်း၊ Y-12 လေယာဉ် နှစ်စင်း တို့ဖြင့် ဗုံးအလုံးရေ ၃၀ ကျော် ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

‎အဆိုပါ လေကြောင်းတိုက်ခိုက်မှုသည် မြောက်ဦးမြို့ပေါ်ရှိ ရွေးတုအစိုးရစစ်တပ် စခန်းချတပ်စွဲခဲ့သည့် တပ်ရင်းနေရာဟောင်းများဖြစ်သော ခမရ ၅၄၀ တပ်ရင်း၊ အမှတ် (၃၁) ရဲတပ်ရင်းတို့အပြင် အနီး ပတ်ဝန်းကျင်ရှိ စစ်ဘေးရှောင်များ နေထိုင်ရာနေရာများကို ပစ်မှတ်ထား၍ တစ်ပြိုင်တည်း တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင်နှင့် ရေဘေးရှောင် အပြစ်မဲ့ပြည်သူ လေး ဦး အလတ် စား ဒဏ်ရာများ ရရှိခဲ့သည့်အပြင် ဒေသခံပြည်သူများ ပိုင်ဆိုင်သည့် နွား သုံးကောင် သေဆုံးကာ ငါးကောင် ဒဏ်ရာရရှိခဲ့သည်။ ထို့ပြင် အနီးအနားရှိ လူနေအိမ်နှင့် အဆောက်အအုံအချို့လည်း ထိခိုက် ပျက်စီးခဲ့သည်။

‎ယခုအခါသည် မိုးတွင်းကာလ ဖြစ်သော်လည်း ရွေးတုအစိုးရစစ်တပ်၏ လေကြောင်း အန္တရာယ်ကို သတိထား၍ နေထိုင်သွားလာကြရန် ရခိုင်ပြည်နယ်အတွင်းရှိ ပြည်သူများကို AA က အသိပေး တိုက်တွန်းထားသည်။

‎ဓာတ်ပုံ- AA Info Desk
‎ပုံစာ- မြောက်ဦးဗုံးကြဲခံရပြီး ထိခိုက်ပျက်စီးမှုများ