‎ဧရာဝတီတိုင်းမ်
‎ဩဂုတ် ၆ ရက်


ထိုင်းနယ်ပယ်အသီးသီးမှ ကန့်ကွက်ဆန့်ကျင်မှုများ ရှိနေသော်လည်း ယနေ့ ဩဂုတ် ၆ ရက်နေ့တွင် ထိုင်းနိုင်ငံသို့ ရောက်ရှိလာသော အာဏာသိမ်း ရွေးတုသမ္မတ မင်းအောင်လှိုင်ကို ထိုင်းဝန်ကြီးချုပ် အနုတင် အပါအဝင် အစိုးရအဖွဲ့က စစ်ရေးပြအခမ်းအနားဖြင့် တရားဝင် ကြိုဆိုခဲ့ကြောင်း သိရသည်။

 

ယနေ့ ဩဂုတ် ၆ ရက်မှ ၇ ရက်အထိ ကြာမြင့်မည့် ရွေးတုသမ္မတ မင်းအောင်လှိုင်ကို ထိုင်းခွန်ဖာ အဆောက် အအုံရှေ့၌ စစ်ရေးပြ အခမ်းအနားဖြင့် ကြိုဆိုခဲ့ပြီးနောက် နှစ်နိုင်ငံ အစိုးရအဖွဲ့ အစည်း အဝေးများနှင့် နားလည် မှုစာချွန်လွှာ (MOU) လက်မှတ်ရေးထိုးပွဲများ ကျင်းပခဲ့ကြောင်း ထိုင်းသတင်း ဌာန The Reporters တွင် ဖော်ပြထားသည်။

ထိုင်းဝန်ကြီးချုပ်အနုတင် နှင့် ရွေးတုသမ္မတ မင်းအောင်လှိုင်တို့သည် အလွတ်သဘော စတင်ဆွေးနွေး ခဲ့ကြပြီး မွန်းလွဲပိုင်းတွင် နှစ်နိုင်ငံကိုယ်စားလှယ်အဖွဲ့ အစုံအလင်ဖြင့် ဘန်ကောက်မြို့ရှိ ထိုင်းအစိုးရ အိမ်တော် တွင်း၌ အစည်းအဝေးများ ဆက်လက်ကျင်းပမည်ဖြစ်သည်။

 

ထို့နောက် အစိုးရအိမ်တော်ရှိ ချစ်ကြည်ရေးအဆောက် အအုံတွင် နှစ်နိုင်ငံ သဘောတူစာချုပ် လက်မှတ် ရေးထိုးခြင်း၊ နားလည်မှုစာချွန်လွှာ (MOU) များ လဲလှယ်ခြင်းနှင့် ကူညီထောက်ပံ့ရေး အခမ်းအနား များကို ဆက်လက်ပြုလုပ်သွားရန် ရှိကြောင်း သိရသည်။

တစ်ဖက်တွင်လည်း ရွေးတုသမ္မတမင်းအောင်လှိုင်၏ ထိုင်းခရီးစဉ်ကို ချက်ချင်း ဖျက်သိမ်းရန်နှင့် တရားဝင်မှု မပေးရန် ထိုင်းအရပ်ဘက် အဖွဲ့အစည်း ၁၆ ခုက ယမန်နေ့ ဩဂုတ် ၅ ရက်တွင် ပူးတွဲ ကြေညာချက် ထုတ်ပြန်၍ တောင်းဆိုခဲ့ကြသည်။

 

Solidarity Collective TH နှင့် SEM အဖွဲ့တို့ ဦးဆောင်သည့် အဆိုပါ အရပ်ဘက် အဖွဲ့များက ရွေးတုသမ္မတ မင်းအောင်လှိုင်၏ အုပ်ချုပ်မှုသည် ပြည်သူများအပေါ် အကြမ်းဖက်မှု၊ လူ့အခွင့်အရေး စနစ်တကျ ချိုးဖောက်မှုများနှင့် စစ်ရာဇဝတ်မှုများ ကျူးလွန်နေခြင်းဖြစ်၍ ၎င်းတို့ကို အကျိုးရှိစေမည့် မူဝါဒများကို ရပ်တန့်ရန် ထိုင်းအစိုးရအား ထောက်ပြထားသည်။

 

ထို့ပြင် ထိုင်းအောက်လွှတ်တော်အမတ် ကန်နဝီ ဆွပ်ဆန်ကလည်း ရွေးတုအစိုးရသည် အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို လိုက်နာခြင်း မရှိဘဲ အရပ်သားများကို ဗုံးကြဲနေဆဲ ဖြစ်သဖြင့် ယခုခရီးစဉ်ကို ဖျက်သိမ်းရန် ထိုင်းဝန်ကြီးချုပ်ထံ တိုက်တွန်းခဲ့သည်။

 

ကိုးကား – The Reporters
ဓာတ်ပုံ – The Reporters