ဧရာဝတီတိုင်းမ်
(ကလေး)၊ ဩဂုတ် ၅ ရက်

စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် ရွေးတုအစိုးရစစ်တပ်၊ ပျူစောထီးများနှင့် ပူးပေါင်း၍ စစ်မှုထမ်း ရန်အတွက် လူငယ်များကို လိုက်လံဖမ်းဆီးပေးနေသည့် အုပ်ချုပ်ရေးမှူးဟောင်းတစ်ဦး ဓားထိုးခံရ သဖြင့် ဆေးကုသမှု ခံယူနေရကြောင်း ဒေသခံများထံမှ သိရသည်။

ဓားထိုးခံရသူမှာ ကလေးမြို့၊ မြို့သာရပ်ကွက်မှ အုပ်ချုပ်ရေးမှူးဟောင်း ဦးစိုင်းမောင်ကြည် ဖြစ်ပြီး ပြီးခဲ့သည့် ဩဂုတ် ၃ ရက် ညပိုင်းက ၎င်း၏ နေအိမ်တွင် ရှိနေစဉ် အမည်မသိလူတစ်ဦး ဝင်ရောက် ထိုးနှက်ခဲ့ခြင်းဖြစ်ကာ တိုက်ခိုက်သူမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။

“ဓားထိုးသွားတဲ့ တရားခံက ထွက်ပြေးလွတ်မြောက်သွားတယ်။ အုပ်ချုပ်ရေးမှူးဟောင်းက ကလေး ဒကစ ဆေးရုံမှာ ဆေးကုသမှု ခံယူနေရတယ်။ ဒဏ်ရာကတော့ ပြင်းထန်တယ်လို့ သိရတယ်” ဟု ကလေးမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်သို့ ပြောသည်။

ယခုကဲ့သို့ ဓားဖြင့် ထိုးခံရမှုကြောင့် ဒဏ်ရာပြင်းထန်စွာ ရရှိသွားသော ဦးစိုင်းမောင်ကြည်ကို ကလေး မြို့အခြေစိုက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) ဝင်းအတွင်းရှိ ရွေးတုအစိုးရ စစ်ဆေးရုံသို့ ပို့ဆောင် ကာ ဆေးကုသပေးလျက် ရှိသည်။

ဦးစိုင်းမောင်ကြည်သည် ယခုနှစ်အတွင်း မြို့သာရပ်ကွက် အုပ်ချုပ်ရေးမှူးအဖြစ် ၆ လခန့် တာဝန် ထမ်းဆောင်ခဲ့ပြီးနောက် တာဝန်မှ အနားယူခဲ့သူ ဖြစ်သည်။

သို့သော် ရွေးတုအစိုးရစစ်တပ်၊ ပျူစောထီးများနှင့် ပူးပေါင်း၍ မြို့တွင်းရှိ လူငယ်၊ လူလတ်ပိုင်းများနှင့် ဆိုက်ကားမောင်းသူများကို စစ်မှုထမ်းရန်အတွက် လက်နက်ကိုင်ဆောင်ကာ ဦးဆောင်ဖမ်းဆီးပေးနေသူ ဖြစ်ကြောင်းလည်း သိရသည်။

“သူက အုပ်ချုပ်ရေးမှူးဟောင်း ဆိုပေမဲ့လည်း ကလေးမြို့မှာ စစ်သားတွေ၊ ရဲတွေ၊ ပျူစောထီးတွေနဲ့ ပေါင်းပြီး စစ်မှုထမ်းဖို့ လူငယ်တွေ ဖမ်းဆီးတဲ့နေရာမှာ ဦးဆောင်လုပ်တယ်။ ၎င်းမှာ လက်နက်တွေ လည်း ရှိတယ်” ဟု အဆိုပါ ကလေးမြို့ခံက ဆိုသည်။

ပုံစာ- ကလေးမြို့၊ မြို့သာရပ်ကွက်နေ အုပ်ချုပ်ရေးမှူးဟောင်း ဦးစိုင်းမောင်ကြည်၊