‎ဧရာဝတီတိုင်းမ်
‎ဩဂုတ် ၅ရက်

‎ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၊ အိုင်သပြုကျေးရွာရှိ ရေဘေးသင့်ပြည်သူများအား ထမင်းထုပ် သွားရောက်ဝေငှစဉ် ငါးသိုင်းချောင်းမြို့မှ အသက် (၂၂) နှစ်အရွယ် လူငယ်တစ်ဦး ရေစီးဖြင့် မျောပါ သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ငါးသိုင်းချောင်းမြို့၊ အောင်မင်္ဂလာရပ်ကွက်တွင် နေထိုင်သူ အသက် (၂၂) နှစ်အရွယ် လူငယ်သည် ယနေ့ ဩဂုတ် ၅ ရက်နေ့ နံနက်ပိုင်းက အိုင်သပြုကျေးရွာရှိ ရေဘေးသင့် ပြည်သူများကို ထမင်းထုပ်များ သွားရောက် ဝေငှပေးခဲ့‌သည်။

ထိုသို့ ဝေငှစဉ် သေဆုံးသူ လူငယ်မှာ ရေမကူးတတ်သည့်အတွက် ရေကူးတတ်သူနှင့်အတူ လက်ကိုင်ထားရာမှ ရေစီးသန်သဖြင့် လက်ထဲမှ လွတ်ထွက်ကာ ရေစီးအရှိန်ဖြင့် မျောပါသွား ခဲ့ခြင်းဖြစ်သည်။

‎”ရေစီးနဲ့မျောပါပြီး သေဆုံးသွားတာဟုတ်ပါတယ်။ ဒေသခံပါ။ ထမင်းထုပ်လာဝေပေးတဲ့ လူငယ်လို့ သိရပါတယ်” ဟု လေးမျက်နှာ ဒေသခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

အဆိုပါ ဖြစ်စဉ်ဖြစ်ပွားပြီးနောက် ကယ်ဆယ်ရေးအဖွဲ့များက ဝိုင်းဝန်းလိုက်လံ ရှာဖွေခဲ့ကြရာ ဩဂုတ် ၅ရက်၊ နံနက် ၁၁ နာရီဝန်းကျင်တွင် လူငယ်၏ ရုပ်အလောင်းကို ပြန်လည်ဆယ်ယူရရှိခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ- Myanmar Rescue Mandalay