‎ဧရာဝတီတိုင်းမ်
‎ဩဂုတ် ၅ရက်

‎ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် ဒေသခံပြည်သူများ ရေကြီးရေလျှံမှု သဘာဝဘေးအန္တရာယ်နှင့် ရင်ဆိုင်နေရချိန်တွင် ရွေးတုအစိုးရစစ်တပ်၏ လေကြောင်းမှ ဗုံးကြဲမှုနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများကြောင့် ပြည်သူများ ထိခိုက်ဒဏ်ရာရရှိကာ ဒုက္ခကြုံတွေ့ နေကြရ‌ကြောင်း သိရသည်။

စစ်တပ်သည် ပြီးခဲ့သည့် ဩဂုတ် ၁ ရက် နံနက် ၅ နာရီကျော်က လေးမျက်နှာမြို့နယ်အတွင်းရှိ စက်စက်ယိုကျေးရွာကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ဘေးရှောင်ရန် ရောက်ရှိနေသည့် အမျိုးသမီး တစ် ဦးနှင့် အမျိုးသား သုံး ဦး အပြင်းအထန် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း ဒေသခံ များထံမှ သိရသည်။

‎ထို့ပြင် လေးမျက်နှာမြို့နယ်အတွင်းရှိ တုံးတော၊ ဝက်ကုန်း၊ စမ်းကုန်း၊ လဲခုံကြီး စသည့် ကျေးရွာများ ဘက်သို့ စစ်တပ်က လက်နက်ကြီးများဖြင့် နေ့ညမပြတ် ရမ်းသန်းပစ်ခတ်နေသဖြင့် ပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှုများ ဖြစ်ပေါ်လျက်ရှိသည်။ သဘာဝဘေးအန္တရာယ် ကြုံတွေ့နေရချိန်တွင် ကူညီ ကယ်ဆယ်ရေး လုပ်ဆောင်ပေးရမည့်အစား စစ်ရေးဖိအားပေးမှုများ လုပ်ဆောင်နေခြင်းကြောင့် ဒေသခံပြည်သူများ၏ ဒုက္ခမှာ ပိုမိုကြီးမားနေကြောင်း ဒေသခံများက ဆိုသည်။

‎”ရေကြီးတဲ့ ရက်ပိုင်းကနေ မနေ့ညကအထိ လေးမျက်နှာကို လေယာဉ်တွေတစ်ချိန်လုံး ပျံနေတာ တွေ့ရပါတယ်။ ဇလွန်၊ ဟင်္သာတ၊ လေးမျက်နှာကို ဖြတ်ပျံနေတာပေါ့။ ဗုံးကြဲမှုတွေရှိတယ် လို့လည်း သိရပါတယ်။ AAကသတင်းထုတ်ပြန်လာချက်အရ စစ်ရှုံးနေလို့ စစ်တပ်က လေကြောင်းအားပြု နေပြီဆိုတာ သိရပြီပေါ့” ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

‎လေးမျက်နှာမြို့နယ်တွင် ရေကြီးရေလျှံမှုကြောင့် မြို့ပေါ် ၅ ရပ်ကွက်နှင့် ကျေးရွာ ၁၀၆ ရွာမှ အိမ်ခြေ ၇,၇၃၄ လုံး၊ အိမ်ထောင်စု ၇,၈၅၅ စုနှင့် လူဦးရေ ၃၂,၆၀၇ ဦး ရေဘေးသင့်နေကြောင်း ရွေးတုအစိုးရ သတင်းရင်းမြစ်များ၏ ဖော်ပြချက်အရ သိရသည်။

‎ယခုကြုံတွေ့ရသည့် ရေဘေးအန္တရာယ်သည် သဘာဝဘေးတစ်ခုတည်းကြောင့် မဟုတ်ဘဲ ဒေသဆိုင်ရာ အုပ်ချုပ်ရေးအာဏာပိုင်များ၏ တာဝန်မဲ့မှုနှင့် စီမံခန့်ခွဲမှု ညံ့ဖျင်းမှုများကြောင့် ဖြစ်ကြောင်း ဒေသခံ များက ထောက်ပြထားသည်။

လက်ရှိတွင် တာကျိုးကျနေသည့် နေရာနှစ်ခုကို ရေဝင်ရောက်မှု တားဆီးနိုင်ရန် တုတ်တန်းရိုက်ခြင်း၊ ရေလမ်းကြောင်းထိန်းချုပ်ခြင်းများနှင့် ရေလမ်းပိတ်ဆို့ခြင်းများကို ပြုလုပ်၍ ပြုပြင်နေပြီး လက်ရှိ ရေကြီးရေလျှံမှုသည် အိုင်သပြုကျေးရွာအထိ ရောက်ရှိနေပြီ ဖြစ်သည်။

ဓာတ်ပုံ-လူမှုကွန်ရက်