ဧရာဝတီတိုင်းမ်
ဩဂုတ် ၅ရက်
ရွေးတုအစိုးရစစ်တပ်သည် အာရက္ခတပ်တော် (AA) နှင့် ဖြစ်ပွားနေသည့် မြေပြင်တိုက်ပွဲများတွင် ကြည်း၊ ရေ၊ လေ တပ်ဖွဲ့များဖြင့် အပြင်း အထန်အသုံးပြု၍ စစ်ဆင်နွှဲနေသော်လည်း ထိခိုက် သေဆုံးမှု များပြားကာ စစ်ရေးရှုံးနိမ့်နေသဖြင့် အရပ်သား ပြည်သူများကို အဓိက ရည်ရွယ်ချက်ထား၍ လေကြောင်းမှ အုပ်စုလိုက် ဗုံးကြဲတိုက်ခိုက်မှုများကို ဆက်တိုက်ပြုလုပ်လာကြောင်း သိရသည်။
စစ်တပ်သည် ယမန်နေ့ ဩဂုတ် ၄ ရက် ည ၉ နာရီကျော်ခန့်က AA ထိန်းချုပ်ထားသော ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်အတွင်းသို့ ဂျက်ဖိုက်တာ လေယာဉ် ခြောက် စင်းအထိ အသုံးပြု၍ လေယာဉ်အုပ်ဖွဲ့ ကာ ဗုံးအလုံးရေ အများအပြားဖြင့် ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

”ညက နေပြည်တော်ကတက်တဲ့ တိုက်လေယာဉ် လေး စင်း၊ တံတားဦးတက် တိုက်လေယာဉ် နှစ် စင်း၊ မကွေးကတက်တဲ့ Y12 နှစ် စင်းနဲ့ မြောက်ဦးကို ပတ်ကြဲတာ” ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့ပြင် စစ်တပ်၏ ခြေမြန်တပ်ရင်း ခမရ- ၅၄၀ တပ်ရင်းဟောင်း အတွင်းသို့လည်း ဗုံးများ ကျရောက်ခဲ့ပြီး အဆိုပါနေရာတွင် စစ်သုံ့ပန်းများ ထိန်းသိမ်းထားရှိသည့်အတွက် စစ်တပ် တပ်ဖွဲ့ဝင်များပါ ထိခိုက်နိုင်ခြေရှိကြောင်း ဒေသအခြေအနေသိရှိသူများက ဧရာ၀တီတိုင်းမ်ကို ပြောကြားသည်။
လက်ရှိတွင် ရွေးတုအစိုးရစစ်တပ်သည် မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနှင့် ချင်းပြည်နယ် (တောင်ပိုင်း) အပါအဝင် ရခိုင်ဒေသနှင့် နယ်မြေချင်း ထိစပ်နေသည့် နေရာများကို တစ်ပြိုင်နက်တည်း ထိုးစစ်ဆင်ရန် ကြိုးပမ်းလျက်ရှိသည်။

အလားတူ စစ်တပ်သည် AA ထိန်းချုပ်ထားသည့် ကျောက်တော်၊ မြောက်ဦး၊ သံတွဲ၊ ဂွ၊ ကျိန္တလီ၊ ဝီရဌာနီ (ပေါက်တော) နှင့် ပုဏ္ဏားကျွန်း-စစ်တွေမြို့အစပ် နေရာများရှိ အရပ်သား ပြည်သူများနေထိုင်ရာ မြို့ရွာများ၊ ဆေးရုံ၊ စာသင်ကျောင်းနှင့် သာသနိက အဆောက်အအုံများကိုပါ နေ့ညမရွေး လေကြောင်းမှ အုပ်စုလိုက် ဗုံးကြဲခြင်း၊ ပင်လယ်ပြင်ရှိ စစ်သင်္ဘောများမှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းတို့ကို ဆက်တိုက် ပြုလုပ်နေသည်။
မြေပြင်တိုက်ပွဲ ထိုးဖောက်ရန် ကြိုးစားနေသည့် နေရာတိုင်းတွင် တိုက်ပွဲများ အပြင်းအထန် ဆက်လက်ဖြစ်ပွားနေပြီး ရွေးတုအစိုးရစစ်တပ်ဘက်မှ အသာစီးမရဘဲ သေဆုံးမှုများပြားနေသည့် အတွက် ၎င်းတို့၏ တစ်ခုတည်းသော အားသာချက်ဖြစ်သည့် လေကြောင်းတိုက်ခိုက်မှုများကိုသာ ပိုမိုအားပြု၍ အရှိန်မြှင့် လုပ်ဆောင်လာနေခြင်းဖြစ်ကြောင်း AA က ဆိုထားသည်။
အဆိုပါ လေကြောင်းအလွန်အကျွံ သုံးစွဲသည့် စစ်နည်းဗျူဟာကို AAနှင့် တိုက်ပွဲဖြစ်ပွားနေသည့် ဒေသများတွင်သာမက မြန်မာနိုင်ငံတစ်ဝှမ်း တိုက်ပွဲဖြစ်ပွားနေသော အခြားသော နယ်မြေများတွင်ပါ အလား တူ လုပ်ဆောင်နေသည်ကို တွေ့ရှိရသည်။
ဓာတ်ပုံ-AA Info Desk ၊ လူမှုကွန်ရက်