‎ဧရာဝတီတိုင်းမ်
‎ဩဂုတ် ၅ရက်

‎​ရခိုင်နှင့် ဧရာဝတီတိုင်း အစပ်ဒေသများတွင် အာရက္ခတပ်တော် (AA) နှင့် ရွေးတုအစိုးရစစ်တပ် တို့အကြား တိုက်ပွဲများ ဆက်လက်ပြင်းထန်လျက်ရှိရာ ဩဂုတ် ၁ ရက်နှင့် ၂ ရက်နေ့များတွင် ရေကြည်မြို့နယ်နှင့် သာပေါင်းမြို့နယ်အတွင်း တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ထိခိုက်‌သေဆုံးမှုများရှိခဲ့ကြောင်း AA က ထုတ်ပြန်ထားသည်။

‎ပြီးခဲ့သည့် ဇူလိုင်လအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် ရာသီဥတု အခြေအနေများကြောင့် ထိုးစစ်၊ ခံစစ်အခြေအနေ အပြောင်းအလဲရှိခဲ့သည်။

 

ထိုသို့ အပြောင်းအလဲများ ရှိခဲ့သော်လည်း တိုက်ပွဲကြီး၊ တိုက်ပွဲငယ်များမှာ နေ့စဉ်နီးပါး ဆက်လက်ဖြစ်ပွားနေပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် နေ့ရက်များတွင်ပင် စစ်တပ်ဘက်မှ လက်နက်ကြီး၊ ဒရုန်းနှင့် လေကြောင်းတိုက်ခိုက်မှုများကို ပုံမှန်ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရွေးတုအစိုးရ စစ်တပ် ‎ပုသိမ် အနောက်တောင်တိုင်းစစ်ဌာနချုပ် (နတခ) မှ အင်အားဖြည့်တင်းထားသည့် တပ်မ (၆၆) လက်အောက်ခံ ခလရ-၁၊ ခလရ- ၁၁ တပ်ရင်းများနှင့် AA တပ်ဖွဲ့ဝင်များသည် ပြီးခဲ့သည့် ဩဂုတ် ၂ ရက်နေ့တွင်ရေကြည်မြို့နယ်၊ ရုံးပင်ကျေးရွာ အနောက်မြောက်ဘက်၌ ၂ နာရီနီးပါးကြာ တိုက်ပွဲ နှစ်ကြိမ် ရှေ့ဆင့်နောက်ဆင့် ဖြစ်ပွားခဲ့သည်။
‎​

ပထမတိုက်ပွဲအဖြစ် ရုံးပင်ကျေးရွာ အနောက်မြောက်ဘက် ၃.၃ ကီလိုမီတာခန့်အကွာတွင် နံနက် ၁၁ နာရီ ၅၀ မိနစ်မှ နေ့လယ် ၁ နာရီ ၅၀ မိနစ်အထိ ဖြစ်ပွားခဲ့သည်။

 

စစ်တပ်ဘက်မှ ဒရုန်းနှင့် မြေပြင်ပစ်ကူများ သုံးစွဲ၍ ထိုးစစ်ဆင်လာသဖြင့် AA ဘက်မှ ခုခံတိုက်ထုတ်ခဲ့ရာ စစ်တပ်က အထိအခိုက် အကျအဆုံးများစွာဖြင့် ဆုတ် ခွာသွားခဲ့ကြောင်း သိရသည်။

‎​ဒုတိယတိုက်ပွဲအဖြစ် ရုံးပင်ကျေးရွာ အနောက်မြောက်ဘက် ၃.၇ ကီလိုမီတာခန့်အကွာတွင် ညနေ ၃ နာရီ ၄ မိနစ်ခန့်မှစတင်၍ ၁ နာရီကျော်ကြာ ထပ်မံဖြစ်ပွားခဲ့သည်။

 

အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာသည့် စစ်တပ်ကို AA ဘက်မှ တန်ပြန်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ စစ် တပ် တပ်ဖွဲ့ဝင်များ ကစဉ့်ကလျား ဆုတ်ခွာထွက် ပြေးခဲ့ရသည်။

‎​အဆိုပါ တိုက်ပွဲနှစ်ခုစလုံးမှ စစ်တပ် တပ်ဖွဲ့ဝင်များ၏ ရုပ်အလောင်းအချို့နှင့် လက်နက်ခဲယမ်းများကို AA က သိမ်းဆည်းရမိခဲ့သည်။

ဩဂုတ်လ ၁ ရက်နေ့ နေ့လယ် ၁ နာရီ ၅၁ မိနစ်မှ ညနေ ၃ နာရီ ၄၀ မိနစ်အထိ သာပေါင်းမြို့နယ်၊ သာပေါင်းကလေးကျေးရွာ၏ အရှေ့ဘက် ၁.၀၆ ကီလိုမီတာခန့်အကွာတွင်လည်း နှစ်ဖက် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး အဆိုပါ တိုက်ပွဲမှလည်း စစ်တပ်၏ လက်နက်ခဲယမ်းအချို့ကို သိမ်းဆည်းရမိခဲ့ကြောင်း AA ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
‎​

အာရက္ခတပ်တော်(AA) စစ်ရုံးချုပ်က ရွေးတုအစိုးရ စစ်တပ်၏ ထိုးစစ်များကို သတ္တိရှိရှိ ခုခံတိုက်ခိုက်ခဲ့ကြသည့် AA တပ်ဖွဲ့ဝင်များ၏ စွမ်းဆောင်ရည်ကို မှတ်တမ်းတင် ဂုဏ်ပြုကြောင်းလည်း ထည့်သွင်းဖော်ပြထားသည်။

 

ဓာတ်ပုံ- AA Info Desk
ပုံစာ- ရုံးပင်ကျေးရွာအနီးတိုက်ပွဲမှသိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများ