ဧရာဝတီတိုင်းမ်
ဩဂုတ် ၅ ရက်

ကုလသမဂ္ဂအဖွဲ့ဟာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင် ရာ ကြက်ခြေနီကော်မတီ (ICRC) ကိုယ်စားလှယ်တို့ တနင်္လာနေ့က တွေ့ဆုံခဲ့တာကို ကြိုဆိုလိုက်ပါတယ်။

ယုံကြည်စိတ်ချရပြီး ပွင့်လင်းမြင်သာမှုရှိတဲ့ နိုင်ငံရေးလုပ်ငန်းစဉ်တွေဆီ ဦးတည်နိုင်ဖို့အတွက် မ တရားဖမ်းဆီးခံထားရသူအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ကုလသမဂ္ဂ အတွင်းရေးမှူး ချုပ်က တောင်းဆိုကြောင်း လက်ထောက်ပြောရေးဆိုခွင့်ရှိသူ ဖာဟန်ဟက်ခ်က သတင်းထောက်တွေကို ပြောပါတယ်။

ငြိမ်းချမ်းတဲ့ အဖြေတစ်ခုရရှိဖို့ မြန်မာနိုင်ငံရှိ သက်ဆိုင်သူအားလုံးနဲ့ ကုလသမဂ္ဂတို့ကြား ဆက် လက် ဆွေးနွေးသွားဖို့ အရေးကြီးတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က အလေးအနက်ထားပြောခဲ့ ကြောင်း ၎င်းက ဆိုပါတယ်။

အဆိုပါတွေ့ဆုံမှုကို နေပြည်တော်မှာ ပြုလုပ်ခဲ့ပြီး လုပ်ထုံးလုပ်နည်းတွေနဲ့အညီ သွားရောက်တွေ့ ဆုံခဲ့တာလို့ ICRC က ထုတ်ပြန်ထားသလို စစ်အုပ်စုကလည်း အတည်ပြုထားပါတယ်။

အသက် ၈၁ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း ထိန်းသိမ်းခံထားရပြီး သူမကို ပြီးခဲ့တဲ့ဧပြီလက နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့လိုက်ပြီလို့ စစ်အုပ်စုက ပြောထားပေမဲ့ သူမရဲ့ ကျန်းမာရေးနဲ့ နေထိုင်မှုအခြေအနေတွေအပေါ် စိုးရိမ်မှုတွေ ရှိနေပါတယ်။

စစ်ခေါင်းဆောင်ဟောင်း ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ ယခုသီတင်းပတ်အတွင်း ထိုင်း နိုင်ငံသို့ သွားရောက်ဖို့ ရှိနေပါတယ်။

မင်းအောင်လှိုင်ဟာ ထိုင်းဝန်ကြီးချုပ် အနုတင်ချာန်ဗီရကူးလ်နဲ့ တွေ့ဆုံကာ စီးပွားရေးဖိုရမ်တစ်ခု ကို တက်ရောက်မှာ ဖြစ်ပါတယ်။

ယခုနှစ်အတွင်း အိန္ဒိယနဲ့ တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ပြီးဖြစ်တဲ့ မင်းအောင်လှိုင်ဟာ နိုင်ငံတကာ ဆက်ဆံရေးမှာ သူ့ရဲ့ နိုင်ငံရေးဩဇာ ပိုမိုခိုင်မာလာစေဖို့ ကြိုးပမ်းနေပုံရပါတယ်။

ကိုးကား – NHK
Ref; UN welcomes Aung San Suu Kyi meeting with Red Cross