ဧရာဝတီတိုင်းမ်
ဩဂုတ် ၅ ရက်
အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) က မတရားဖမ်းဆီးထိန်းသိမ်းခံထားရသည့် နိုင်ငံ တော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ သွားရောက်တွေ့ဆုံခဲ့မှုအပေါ် အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) က လှိုက်လှဲစွာ ကြိုဆိုကြောင်း ယမန်နေ့ ဩဂုတ် ၄ ရက်က သဘောထား ထုတ်ပြန်သည်။
ICRC အနေဖြင့် ဩဂုတ်လ ၃ ရက်နေ့တွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ခေါင်းစဉ်ဖြင့် ဒေါ်အောင်ဆန်းစုကြည်ထံ သီးသန့်သွားရောက်တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး နှစ်ပေါင်းများစွာ အဆက်အသွယ် ပြတ်တောက်နေသည့် ထုထုခေါင်းဆောင် သက်ရှိထင်ရှားရှိနေသေးကြောင်း သိရှိရသဖြင့် ပြည်သူ များအတွက် အတိုင်းအတာတစ်ခုအထိ ဝမ်းမြောက် စိတ်သက်သာရာရစေကြောင်း NUG က ဆိုသည်။

သို့သော်လည်း ယခုတွေ့ဆုံခွင့် ရရှိမှုသည် စစ်အုပ်စု၏ စေတနာကြောင့်မဟုတ်ဘဲ နိုင်ငံတကာ၏ စဉ်ဆက်မပြတ် ဖိအားပေးမှုများနှင့် ပြည်သူလူထု၏ မဆုတ်မနစ် တောင်းဆိုမှုများ၏ ရလဒ်သာဖြစ် ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေး၊ ချုပ်နှောင်ခံထားရသည့် အခြေအနေများနှင့် ပတ် သက်၍ စိုးရိမ်ပူပန်မှုများမှာ လျော့ပါးသွားခြင်းမရှိသေးကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အပြင် ယခုကဲ့သို့ တစ်ကြိမ်တည်းသော တွေ့ဆုံမှုသည် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေး အကျဉ်းသားအားလုံး ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးရေးကို အစားမထိုးနိုင်ကြောင်းနှင့် စစ်အုပ်စု အနေဖြင့် ယခုတွေ့ဆုံမှုကို တရားဝင်မှုရရှိရေး သို့မဟုတ် ၎င်းတို့ကျူးလွန်ထားသည့် ပြစ်မှုများကို ဖုံးကွယ်ရန်အတွက် အသုံးချခွင့်မပြုသင့်ကြောင်း NUG က အလေးအနက် သတိပေးထားသည်။
NUG အနေဖြင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ ဝင်ရောက် ခွင့်အတွက် ကူညီပေးခဲ့ကြသည့် ကုလသမဂ္ဂ၊ အာဆီယံနှင့် နိုင်ငံတကာအသိုင်းအဝန်းကို ကျေးဇူး တင်ရှိကြောင်း ပြောကြားခဲ့ပြီး စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချုပ်ငြိမ်းရေးနှင့် ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းလာရေးအတွက် မဟာမိတ်များနှင့်အတူ ဆက်လက်တိုက်ပွဲဝင်သွားမည် ဖြစ်ကြောင်း အတည်ပြုထုတ်ပြန်ထားသည်။