ရာဝတီတိုင်းမ်
ဩဂုတ် ၅ ရက်

 

ငဝန်မြစ်ရေကာတာ ပေ ၁၂၀ ကျော် ကျိုးပဲ့သွားမှုကြောင့် လေးမျက်နှာမြို့ ရေလွှမ်းမိုးခံရသည်မှာ တစ်ပတ်ကျော် ကြာမြင့်လာပြီဖြစ်ပြီး ယခုအချိန်ထိ ရေထပ်မံ တိုးနေဆဲဖြစ်ရာ ပတ်ဝန်းကျင်ကျေးရွာ ခြောက်ရွာ ထပ်မံ ရေလွှမ်းမိုးခံရသဖြင့် ရေဘေးသင့်ပြည်သူ သုံးသောင်း(၃၀,၀၀၀)ကျော် ရှိလာကြောင်း ရွေးတုအစိုးရထံမှ သိရသည်။

 

လေးမျက်နှာမြို့ရှိ ရပ်ကွက် ငါး ခုအပါအဝင် ကျေးရွာ ၅၇ ရွာ ရေလွှမ်းမိုးခံနေရပြီး ဩဂုတ် ၄ ရက်က ၅၁ ရွာ၊ ဩဂုတ် ၂ ရက်က ၄၅ ရွာ ရေဝင်ရောက်ခဲ့ပြီး ယနေ့ ဩဂုတ် ၅ ရက်တွင် ရေကြီးသည့် ကျေးရွာအရေအတွက် ထပ် တိုးလာခြင်းဖြစ်သည်။

လက်ရှိတွင် မြို့ပေါ် ငါးရပ်ကွက်နှင့် ကျေးရွာ ၁၀၆ ရွာတို့မှ အိမ်ခြေ ၇,၇၃၄ လုံး၊ အိမ်ထောင်စု ၇,၈၅၈ စုနှင့် လူဦးရေ ၃၂,၆၀၇ ဦး ရေဘေးသင့်နေကြောင်း ရွေးတုအစိုးရက ဆိုသည်။

 

ထို့ပြင် တာကျိုးနေသည့် နေရာနှစ်ခုကို ရေဝင်ရောက်မှု တားဆီးနိုင်ရန် ပန်းတာ၏ လက်ယာဘက်နှင့် လက်ဝဲဘက်များတွင် တုတ်တန်းရိုက်ခြင်း၊ ရေလမ်းကြောင်းထိန်း တုတ်တန်းရိုက်ခြင်းနှင့် ရေလမ်း ပိတ်ဆို့ခြင်းများကို ပြုလုပ်၍ ပြုပြင်နေကြောင်း သိရသည်။

 

လေးမျက်နှာမြို့မှ ရေကြီးရေလျှံမှုသည် အိုင်သပြုကျေးရွာသို့ တစ်ရက်အကြာတွင် ပျံ့နှံ့သွားသော် လည်း လက်ရှိအချိန်ထိ ငါးသိုင်းချောင်းမြို့ပေါ်သို့ ရေရောက်ရှိခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

“ငါးသိုင်းချောင်းမြို့ပေါ် ရေမရောက်သေးဘူး။ လိုင်းပေါ်မှာတော့ ရေကြီးနေပြီ။ တာတွေရှိတော့ တာရေကျော်မှာစိုးလို့ ရေတိုင်းတာ ခဏခဏ လုပ်ကြတယ်။ ရေက လက်လေးလုံးစီ တိုးလာတာရှိတယ်။ တာပြီးရင် ကားလမ်းမကြီးရှိတော့ မြို့ထဲ ရေမဝင်သေးဘူး။ ကံကောင်းတာက လေးမျက်နှာ တာကျိုးကတည်းက မိုးမရွာဘူး။ ရေဆက်တက်၊ မတက် စောင့်ကြည့်ရမယ်” ဟု ငါးသိုင်းချောင်း မြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

လေးမျက်နှာမြို့ ရေလွှမ်းမိုးမှု ခံရသည်မှာ တစ်ပတ်ကျော် ကြာမြင့်လာပြီဖြစ်သဖြင့် ရေဘေးသင့် သူများအတွက် ကူညီကယ်ဆယ်ရေးနှင့် စားနပ်ရိက္ခာ ထောက်ပံ့ပေးမှုများ အရေးပေါ် လိုအပ်နေပြီး ရေပြန်ကျသွားပါကလည်း ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ကူညီပေးရန် လိုအပ်မည် ဖြစ်ကြောင်း လူမှုကူညီရေးအသင်းများထံမှ သိရသည်။

 

လက်ရှိတွင် လေးမျက်နှာမြို့ရှိ ငဝန်မြစ်ရေသည် ရေအမှတ် ၂ ဒသမ ၄ လက်မခွဲခန့် ပြန်လည် လျော့ကျလာကြောင်း ရွေးတုအစိုးရထံမှ သိရသည်။

 

ထို့ပြင် လေးမျက်နှာ-အိုင်သပြု-ငါးသိုင်းချောင်းလမ်း မိုင်တိုင်အမှတ် ၅ မိုင်နှင့် ၅ မိုင် ၁ ဖာလုံကြားရှိ ရေစီးနှင့်အတူ ကျိုးပဲ့သွားသော ကရင်လက်သမားတံတားကို ယာယီ ဘေလီတံတား ထိုးပြီးစီးသွားပြီ ဖြစ်ကြောင်း ဧရာဝတီတိုင်း ရွေးတုအစိုးရထံမှ သိရသည်။

 

ပြီးခဲ့သည့် ဇူလိုင် ၃၀ ရက် ညဦးပိုင်းက လေးမျက်နှာမြို့ရှိ ငဝန်မြစ်ရေကာတာ ပေ ၂၀ နှင့် ပေ ၉၀ နှစ်နေရာ ကျိုးကျသွားခဲ့သဖြင့် ဇူလိုင် ၃၁ ရက်မှစတင်၍ ရေဝင်ရောက်ကာ လေးမျက်နှာမြို့အပါအဝင် အနီးပတ်ဝန်းကျင် ကျေးရွာများ ရေလွှမ်းမိုးခံခဲ့ရခြင်း ဖြစ်သည်။

ဓာတ်ပုံ – ရွေးတုအစိုးရ၊ လူမှုကွန်ရက်