ဧရာဝတီတိုင်းမ်
ဩဂုတ် ၅ ရက်
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့နယ်အတွင်း ၁၀ နှစ်ခံကတ် (တောင်ပေါ်သားကတ်) များ တရားမဝင် ပြုလုပ် ပေးနေမှုကို နှိမ်နင်းသည့် စစ်ဆင်ရေးတစ်ရပ်ကို ထိုင်းအာဏာပိုင်များက ယမန်နေ့ ဩဂုတ် ၄ ရက်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ စစ်ဆင်ရေးအတွင်း အမှတ်စဉ် ‘၀’ ဖြင့် စသည့် ၁၀ နှစ်ခံကတ်များကို တရားမဝင် ထုတ် ပေးခဲ့သည့် ထိုင်းဌာနဆိုင်ရာ အရာရှိများနှင့် နိုင်ငံခြားသားများကို ဝရမ်းဖြင့် လိုက်လံဖမ်းဆီးခဲ့ရာ လက်ရှိတွင် ၁၇ ဦး ဖမ်းဆီးရမိထားပြီး တရားမဝင် ပြုလုပ်ထားသူ ၁,၀၀၀ ကျော်ကိုလည်း ထပ်မံ စစ်ဆေး သွားမည်ဟု ဆိုသည်။

၁၀ နှစ်ခံကတ်နှင့် နိုင်ငံကူးလက်မှတ် (Passport) နှစ်ခုလုံး ကိုင်ဆောင်ထားသူများသည် လူကုန်ကူးမှု၊ လက်နက်မှောင်ခိုမှုနှင့် မူးယစ်ဆေးဝါး ရောင်းဝယ်မှုများ ပြုလုပ်ကာ ပြစ်မှုကျူးလွန်ပြီးပါက မိခင် နိုင်ငံသို့ ထွက်ပြေးတတ်ကြသဖြင့် ဖမ်းဆီးရန် ခက်ခဲကြောင်းလည်း ထိုင်းအာဏာပိုင်များက ပြောဆိုသည်။
မဲဆောက်ရှိ ဌာနဆိုင်ရာ အရာရှိများသည် လူတစ်ဦးလျှင် ဘတ် ၄၀,၀၀၀ (လေးသောင်း) မှ ဘတ် ၁၀၀,၀၀၀ (တစ်သိန်း) အထိ လာဘ်ယူကာ ၂၀၂၂ ခုနှစ်မှ စတင်၍ နိုင်ငံခြားသားများအား ၁၀ နှစ်ခံကတ်များ တရားမဝင် ထုတ်ပေးခဲ့ခြင်းဖြစ်သည်။

စစ်ဆေးတွေ့ရှိချက်များအရ ၂၀၂၂ ခုနှစ်တွင် ၂၀၉ ဦး၊ ၂၀၂၃ ခုနှစ်တွင် ၇၅၄ ဦး စုစုပေါင်း ၉၆၃ ဦးကို ၁၀ နှစ်ခံကတ်များ ထုတ်ပေးခဲ့ရာတွင် ၃၀၃ ဦးသာ ကတ်ရရှိရန် သတ်မှတ်ချက်နှင့် ကိုက်ညီပြီး ကျန်သူများမှာ မမှန်မကန် ပြုလုပ်ထားသူများဖြစ်ကြောင်း တာဝန်ရှိသူများက ဆိုသည်။
လက်ရှိ ဖမ်းဆီးခံရသူများတွင် မြန်မာနိုင်ငံသား ၁၀ ဦးအထိ ပါဝင်နေပြီး ယခု စစ်ဆင်ရေးကို ရဲတပ်ဖွဲ့ ဝင်များနှင့် သက်ဆိုင်ရာ ဌာနအသီးသီးမှ တာဝန်ရှိသူ အယောက် ၁၃၀ ကျော်ဖြင့် လိုက်လံ ရှာဖွေ ဖမ်းဆီးလျက် ရှိသည်။
ထို့ပြင် ၁၀ နှစ်ခံကတ် တရားမဝင် ပြုလုပ်ပေးခဲ့သည့် ထိုင်းအရာရှိဟောင်း တစ်ဦးမှာ မြန်မာနိုင်ငံ ဘက်ခြမ်းသို့ ထွက်ပြေးတိမ်းရှောင်သွားကြောင်း သတင်းရရှိထားသဖြင့် ၎င်းအား ပြန်လည်ဖမ်းဆီးကာ တရားစွဲဆိုသွားမည်ဟု ထိုင်းတာဝန်ရှိသူများက ပြောဆိုထားသည်။
ကိုးကား – The Reporters