နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဩဂုတ် ၅ ရက်

 

ရန်ကုန်တိုင်း၊ မှော်ဘီမြို့တွင် ငှက်တိုက်မိ၍ ပျက်ကျသွားသည်ဆိုသော အာဏာသိမ်း ရွေးတုအစိုးရ၏ တိုက် ခိုက်ရေးလေယာဉ်မှာ တရုတ်နိုင်ငံထုတ် အမေရိကန်ဒေါ်လာ ၈.၅ သန်းတန် အမောင်းသင်နှင့် ဘက်စုံသုံး တိုက်ခိုက်ရေးလေယာဉ် FTC-2000G ဖြစ်ကြောင်း လေတပ် CDM အသိုင်းအဝိုင်းထံမှ သိရသည်။

 

အဆိုပါလေယာဉ်သည် ပြီးခဲ့သည့် ဩဂုတ် ၃ ရက်၊ နံနက် ၅ နာရီ ၁၆ မိနစ်ခန့်တွင် မှော်ဘီမြို့၏ အရှေ့တောင်ဘက် မီတာ ၈၅၀၀ အကွာရှိ ညောင်နှစ်ပင် ကျေးရွာအနီး၌ လေ့ကျင့်ပျံသန်းနေစဉ် ငှက်နှင့်တိုက်မိမှု ဖြစ်ပွားကာ အင်ဂျင်ခန်းအတွင်းသို့ ဝင်ရောက်မီးလောင်၍ ပျက်ကျသွားခြင်း ဖြစ်ကြောင်း ရွေးတုအစိုးရက ထုတ်ပြန်ထားသည်။

သို့သော် မည်သည့်လေယာဉ် အမျိုးအစားဆိုသည်ကိုမူ ဖော်ပြခြင်း မရှိသလို၎င်းတို့ ထုတ်ပြန်သကဲ့သို့ လေ့ကျင့်နေစဉ် မဟုတ်ဘဲ စစ်ဆင်ရေး သွားရောက်စဉ် ဖြစ်ပွားခြင်းဖြစ်ကာ ယင်းသည် တရုတ်နိုင်ငံထုတ် FTC-2000G ဂျက်တိုက်လေယာဉ်ဖြစ်ကြောင်း လေတပ် CDM တပ်ကြပ်ကြီး ဇေယျက ဆိုသည်။

 

“လေ့ကျင့်ရေး လုပ်တာတော့ မဟုတ်ဘူးပေါ့။ စစ်ဆင်ရေး သွားရင်းနဲ့ ဖြစ်သွားတာပါ။ လေယာဉ်ပေါ်က ခုန်ထွက်နိုင်တဲ့အတွက် ချီးကျူးဂုဏ်ပြုတာတွေ လုပ်ပေးတယ် ပြောတယ်။ တကယ်တော့ အဲဒီ FTC-2000G လေယာဉ်တွေက အစကတည်းက Error များတယ်” ဟု ၎င်းက ဧရာဝတီတိုင်းမ်သို့ ပြောသည်။

 

ရွေးတုအစိုးရကမူ ငှက်တိုက်မိမှုကြောင့် အင်ဂျင်မီးလောင်မှု ဖြစ်ပွားစဉ် ၎င်းတို့ လေယာဉ်မှူးအနေဖြင့် လေယာဉ်၏ အနေအထားကို လူနေအိမ်များမရှိသည့် အရပ်မျက်နှာဘက်သို့ ဦးတည်လှည့်ပြီး လေယာဉ်ပေါ်မှ အရေးပေါ် စက်ခလုတ်နှိပ်၍ ခုန်ထွက်သည့်စနစ်ဖြင့် ခုန်ထွက်ခဲ့ကြောင်း ဖော်ပြ ထားသည်။

ယင်းသို့ လေယာဉ်ပျက်မကျမီ အရေးပေါ် ထွက်ခွာသည့်စနစ်ကို အသုံးပြု၍ ခုန်ထွက်ခဲ့သည့်အတွက် ၎င်းတို့ခန့် လေယာဉ်မှူးမှာ ထိခိုက်ဒဏ်ရာမရဘဲ လွတ်မြောက်သွားခဲ့ကြောင်း အာဏာသိမ်း ရွေးတု အစိုးရက ထုတ်ပြန်ထားပြီး တပ်တွင်းသတင်းများအရ ဂုဏ်ပြုပွဲပါ ပြုလုပ်ပေးကြောင်း သိရသည်။

 

လက်ရှိ ပျက်ကျသွားသော FTC-2000G တိုက်လေယာဉ်ကို ၂၀၂၀ ပြည့်နှစ်ဝန်းကျင်ကတည်းက တရုတ်နိုင်ငံမှ စတင်မှာယူခဲ့ခြင်းဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ်တွင် ရောက်ရှိလာ ခဲ့ခြင်းဖြစ်သည်။ အဆိုပါ လေယာဉ်သည် အမေရိကန်ဒေါ်လာ ၈.၅ သန်းခန့် တန်ဖိုးရှိပြီး သက်တမ်းရင့် တရုတ်ထုတ် တိုက်လေယာဉ်များနေရာတွင် အစားထိုးရန် ဖြစ်ကြောင်း သိရသည်။

 

ထို့အတွက် လေကြောင်းသင်တန်း တက်ရောက်ရန် ရွေးတုအစိုးရက လေယာဉ်မှူး ရှစ် ဦး၊ ပညာရှင် ရှစ် ဦးနှင့် အရာရှိ နှစ် ဦးတို့ကို အဆိုပါနှစ် ဇွန်လတွင် တရုတ်နိုင်ငံ၊ ကူမင်းမြို့တော်သို့ စေလွှတ်ခဲ့ပြီး ယင်းနောက်ပိုင်း နိုင်ငံတဝန်း လေကြောင်းတိုက်ခိုက် ဗုံးကြဲရာတွင် ထည့်သွင်းအသုံးပြုလာခြင်း ဖြစ်သည်။

 

“လေယာဉ်တက်တဲ့နေရာနဲ့ ပျက်ကျတဲ့နေရာက လေမိုင်အရဆိုရင် ၅ မိုင်နဲ့ ၆ မိုင်ကြားပဲ ရှိတယ်။ လေယာဉ်ရဲ့ သဘောသဘာဝဟာ စတက်တဲ့အချိန်ရယ်၊ ဆင်းတဲ့အချိန်ရယ်မှာ အင်ဂျင်ပါဝါ အပြည့်ပေးထားရတယ်။ အဲလိုအချိန် ငှက်တိုက်ဖို့ ဖြစ်နိုင်ခြေ အရမ်းနည်းတယ်” ဟု လေတပ် CDM အရာရှိတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

အဆိုပါ FTC-2000G တိုက်လေယာဉ်များသည် Error မကြာခဏ ဖြစ်လေ့ရှိပြီး ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇန်နဝါရီနှင့် ၂၀၂၅ ခုနှစ် ဇူလိုင်တို့တွင်လည်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဖတ်ကာဒေသအနီး တိုက်ပွဲနှင့် ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ်အနီးတို့တွင် ပစ်ချခံရ၍ ပျက်ကျခဲ့ဖူးသည်။

ပုံစာ – FTC-2000G ပုံဟောင်း