ဧရာဝတီတိုင်းမ်
‎ဩဂုတ် ၄ ရက်

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ရှိ ဆည်တော်ကြီးဆည်ကန်ရေပြည့်ရန် တစ်ပေခွဲသာကျန်သောကြောင့် ရေမပြည့်ခင် ရေပိုလွှဲတံခါးများကို ဩဂုတ် ၃ ရက်နေ့က ဖွင့်ချထားသဖြင့် ယင်းပတ်ဝန်းကျင်ရှိကျေးရွာလေးရွာမှ ပြည်သူများကုန်းမြင့်ပိုင်းသို့ အမြန်ဆုံးရွှေ့ပြောင်းရန်လိုအပ်ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့( မန္တလေးတိုင်း) က ယနေ့ထုတ်ပြန်သည်။

ဆည်တော်ကြီးရေလှောင်တမံ၏ ကန်ရေပြည့်မှတ်သည် ၄၁၉ ဒသမ ၅ ပေဖြစ်ပြီး ရေလှောင်ပမာဏ ၃၆၃,၀၀၀ ဧကပေရှိကြောင်းသိရသည်။

လက်ရှိတွင် ဆည်ရေပိုလွှဲတံခါးဖွင့်ချလိုက်သောကြောင့် တံငါတံတားတွင် ရေတက်လာပြီး ကျေးရွာများနှင့် ကပ်လျှပ်ရှိသော ဆည်မြောင်းလက်တံ၊ ချောင်းဘောင်များမှ ရေများကျော်လွန်လာသဖြင့် ပုဂံစု၊ ရေချောင်း၊ သပြေချောင်နှင့် အင်းသကားကျေးရွာများမှ ပြည်သူများအမြန်ဆုံး ရွေ့ပြောင်းရန်လိုအပ်ကြောင်းပါဝင်သည်။

လက်ရှိတွင် တံငါတံတား၏ ရေအမှတ်သည် စိုးရိမ်ရေမှတ်ကျော်လွန်နေပြီး ထပ်မံ၍ ရေ သုံးပေမြင့်တက် လာပါက မော်တော်ကားလမ်းမကြီးကို ရေကျော်နိုင်ကြောင်းသိရသည်။

ထို့ပြင်အရေးပေါ်အခြေအနေများကြုံတွေ့လာလျှင် အချိန်နှင့်တပြေးညီကူညီကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွ်ရန်ပြင်ထားကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့( မန္တလေးတိုင်း) က ထုတ်ပြန်သည်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဧရာဝတီတိုင်းရှိ လေးမျက်နှာမြို့အပါအဝင် ဖားကန့်၊ တာချီလိတ်တို့တွင် ရေကြီးရေလျှံမှုဖြစ်ပွားလျက်ရှိသည်။

ဓာတ်ပုံ – ဆည်တော်ကြီးဆည်လူမှုကွန်ရက် ( ပုံဟောင်း)