ဧရာဝတီတိုင်းမ်
‎ဩဂုတ် ၄ရက်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်း အာရက္ခတပ်တော် (AA) နှင့် စစ်တပ်တို့အကြား စစ်ရေး အရှိန် ပြန်လည်မြင့်တက် လာနေသော်လည်း ရွေးတုအစိုးရက ကျောက်ဖြူအထူးစီးပွားရေးဇုန် (SEZ) အပါအဝင် မဟာဗျူဟာမြောက် ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများကို တွန်းအားပေး၍ ဆက်လက် လုပ်ဆောင်လျက်ရှိကြောင်း ၎င်းတို့၏ ဝါဒဖြန့် သတင်းစာများတွင် ဖော်ပြလာသည်။

ပြီးခဲ့သည့် မေလမှစတင်၍ ကျောက်ဖြူမြို့နယ်အတွင်း စစ်ရေးလမ်းကြောင်းများ ပြောင်းလဲလာခဲ့ပြီး စစ်တပ်သည် တောင်မော်ဦးရေတပ်ဘက်မှ ကမ်းတက်ရန် ကြိုးပမ်းခဲ့သလို စနဲနှင့် ရမ်းဗြဲလမ်းဆုံကို စိုးမိုးရန် ဦးတည်လှုပ်ရှားခဲ့သည်။ သို့သော်လည်း အဝတောင်အနီး တိုက်ပွဲများအတွင်း စစ်တပ် စစ်ကြောင်းများ တပ်ပျက်ကာ ပြန်လည်ဆုတ်ခွာခဲ့ရသည်။

ယင်းနောက် ဇူလိုင်လ ၂၉ ရက်နေ့မှစတင်ကာ မူလနေရာများတွင် တိုက်ပွဲများ ပြန်လည်ပြင်းထန် လာခဲ့ပြီး မင်းပြင်၊ ရေနံတောင်နှင့် ဇိုင်ချောင်း ကျေးရွာအုပ်စုများဘက်သို့ တိုက်ပွဲဧရိယာ ပိုမိုကျယ် ပြန့်လာခဲ့သည်။ AA ၏ ထိုးစစ်သည် တောင်မော်ဦးရေတပ် အနီးအနားထိ ရောက်ရှိလာခဲ့သဖြင့် ရေတပ်အတွင်းရှိ တပ်မိသားစုဝင်များကို ကျောက်ဖြူမြို့ပေါ်ရှိ တပ်ရင်းများအပြင် ဓညဝတီရေတပ် ဌာနချုပ်ဆီသို့ အရေးပေါ် ရွှေ့ပြောင်းမှုများ ပြုလုပ်ခဲ့ရသည်။

ကျောက်ဖြူမြို့နယ်သည် တရုတ်နှင့် အိန္ဒိယတို့၏ မဟာဗျူဟာမြောက် ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများ တည်ရှိရာ စီးပွားရေးအရ အရေးပါသည့် ဒေသတစ်ခုဖြစ်သည်။ အဆိုပါ ဒေသတွင်း ဖြစ်ပွားနေသည့် အဆုံးအဖြတ် တိုက်ပွဲများသည် နိုင်ငံတကာ စီမံကိန်းများအပေါ် များစွာ မှီတည်နေ၍ အကန့်အသတ် များဖြင့် ထိန်းသိမ်း တိုက်ခိုက်နေရကြောင်း AA ၏ ပြောရေးဆိုခွင့်ရှိသူများကလည်း ထုတ်ဖော် ပြောဆိုထားသည်။

“တရုတ်နဲ့ အိန္ဒိယတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ မရေမရာဖြစ်နေတဲ့အတွက် ရွေးတုအစိုးရအနေဖြင့် နည်းဗျူဟာနှင့် မူဝါဒများကို ပြောင်းလဲဖို့ ဖိအားပေးခံနေရတယ်” ဟု CDM ဗိုလ်ကြီး ဇင်ယော်က ပြောသည်။

 

ပြောင်းလဲနေသည့် စစ်ရေးအခြေအနေများကြားမှ ရွေးတုအစိုးရ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးနိုင်ဦး ဦးဆောင်သည့် အဖွဲ့သည် ပြီးခဲ့သည့် ဇူလိုင် ၂၉ ရက်နေ့က ကျောက်ဖြူမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုး ရေးနှင့် စီမံကိန်းလုပ်ငန်းခွင်များသို့ ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း ရွေးတုအစိုးရ၏ ဝါဒဖြန့် သတင်းများ တွင် ဖော်ပြထားသည်။

 

ရွေတုအစိုးရ ‎ပြည်နယ် ဝန်ကြီးချုပ်က ကျောက်ဖြူ အထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်း (SEZ) စီမံကိန်းအတွက် လိုအပ်သည့် ရေသိုလှောင်နိုင်ရန် မဒေးကျွန်းတွင် ကျောက်တန်း (၁) နှင့် (၂) ရေလှောင်တမံများကို တည်ဆောက်လျက်ရှိရာ လုပ်ငန်းခွင်များကို သွားရောက်စစ်ဆေးခဲ့ကြောင်း သတင်းဖော်ပြချက်အရ သိရသည်။

ထို့အပြင် မဒေးကျွန်းရှိ တရုတ်-မြန်မာ အရှေ့တောင်အာရှ ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်း၌ ပိုက်လိုင်းများမှတစ်ဆင့် စွမ်းအင် ပို့လွှတ်နေမှုနှင့် ရေနံဖြည့်တင်းမှုများပါ ကြည့်ရှုခဲ့သည်ဟု ဆိုသည်။

ကျောက်ဖြူမြို့နယ်အတွင်း စစ်ရေးအရ အရေးပါသည့် ရေတပ်စခန်းအနီးထိ တိုက်ပွဲများ နီးကပ်လာ နေချိန်တွင် စစ်တပ်ဘက်က ယခုကဲ့သို့ စီမံကိန်းများ ဆက်လက်လုပ်ဆောင်နေကြောင်း ဖော်ပြ လာခြင်းသည် ဒေသတွင်းတွင် စိုးမိုးမှုရှိကြောင်း နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကို ပြသလိုသည့် သဘောဖြစ်ကြောင်း နိုင်ငံရေး အကဲခပ်များက ဆိုသည်။

 

ဓာတ်ပုံ-ရွေးတုအစိုးရ၊ လူမှုကွန်ရက်