ဧရာဝတီတိုင်းမ်
သြဂုတ် ၄ ရက်

 

ချင်းပြည်နယ်၊ ဟားခါးမြို့တွင် စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်တို့ အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်သား တစ်ဦးနှင့် အရပ်သား တစ်ဦးတို့ သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

 

ဩဂုတ်လ ၁ ရက်နေ့၊ ည ခုနှစ် နာရီခန့်တွင် ဟားခါးမြို့ ရှုခင်းသာအနီးရှိ စစ်စခန်းငယ်တွင် စကားများကြားရာမှ အချင်းချင်း ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

 

“စစ်သားတွေက ရဲတွေကို နှိမ်ပြီး စကားတွေပြောလာကြလို့ သိရတယ်။ တဖြည်းဖြည်းနဲ့ စကားတွေ အတော်လေးတွေများပြီး ပတ်ဝန်းကျင်က လူတွေကြားရတယ်။ နောက်ဆုံး ပစ်ကြတဲ့အထိဖြစ်သွားတာ”ဟု ဟားခါးမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထိုကဲသို့ စကားများ ရမ်းသမ်းပစ်ခတ်မှုများကြောင့် ပြည်သူများနေထိုင်ရာ အိမ်များဘက်သို့ ကျည်ကျရောက်ခဲ့ရာ ဟားခါးမြို့နေ အသက် ၅၁ နှစ်အရွယ် ဒေသခံအမျိုးသမီး ဒေါ်ခရစ်တီးနားထလာမဲန်း ၏ ပေါင်နှစ်ဖက်စလုံးတွင် ကျည်ထိမှန်ခဲ့သည်။

 

ပစ်ခတ်မှုများ ပြင်းထန်နေသဖြင့် ဆေးရုံသို့ အချိန်မီ မသွားရောက်နိုင်ခဲ့ဘဲ အိမ်တွင်ပင် ဆေးကုသမှုခံယူနေစဉ် ဩဂုတ်လ ၂ ရက် ည ၁၂ နာရီခန့်တွင် ဒဏ်ရာဖြင့် ကွယ်လွန်သွားခဲ့ကြောင်း သိရသည်။

 

“ဆေးရုံချက်ချင်းသွားဖို့ ပစ်ခတ်မှုက မရပ်တော့ မသွားရဘူး။ အိမ်မှာဆေးကုသရင်း သွေးထွက်လွန်ပြီး ဆုံးသွားတယ်”ဟု ဟားခါးမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

ပစ်ခတ်မှုအတွင်း ရဲတပ်ဖွဲ့တစ်ဦးသည် ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။ ဩဂုတ်လ ၂ ရက် မနက်ပိုင်းတွင် အဆိုပါစခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးသည် ဖျားနာ၍ သေဆုံးသည်ဟု အကြောင်းပြကာ အလောင်းကို အမြန်ဖုံးကွယ် သဂြိုလ်ခဲ့ကြသည်။

 

ထို့အပြင် ၎င်းတို့အချင်းချင်း ပစ်ခတ်ကြသည်ကို အထက်လူကြီးများ သိရှိပါက အရေးယူခံရမည်စိုးသဖြင့် CDF – ဟားခါး တပ်ဖွဲ့က လာရောက်တိုက်ခိုက်သကဲ့သို့ စစ်တပ်ဘက်က ဇာတ်လမ်းဆင်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ လိမ်လည်ဇာတ်လမ်းဆင်ကာ တနင်္ဂနွေနေ့တွင် အနီးရှိဘုရားကျောင်း နှစ်ကျောင်းအတွင်းသို့ ဝင်ရောက်ကာ ဝတ်ပြုကိုးကွယ်သူများကိုပါ ဖမ်းဆီးစစ်ဆေးခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။