ဧရာဝတီတိုင်းမ်
ဩဂုတ် ၄ ရက်
နိုင်ငံတဝန်း လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်နေသည့် ရွေးတုအစိုးရသည် နှစ်ဖက် တိုက်ပွဲဖြစ်ပွားမှု မရှိသော “ဝ” ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP) ကို နေပြည်တော်သို့ ဖိတ်ခေါ်၍ နိုင်ငံရေး အခင်း အကျင်းများ ရရှိရေးအတွက် နှစ်ရက်တာ ဆွေးနွေးခဲ့ကြောင်း ဝါဒဖြန့် သတင်းစာများမှတစ်ဆင့် ထုတ်ပြန်ထားသည်။
အာဏာသိမ်း ရွေးတုအစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) သည် ဩဂုတ်လ ၃ ရက်မှ ယနေ့ ဩဂုတ်လ ၄ ရက် အထိ UWSP ထိပ်ပိုင်းခေါင်းဆောင်များနှင့် ဒုတိယအကြိမ်မြောက် တွေ့ဆုံဆွေးနွေးခဲ့ခြင်း ဖြစ်သည်။
အဆိုပါ တွေ့ဆုံမှုသည် ပြီးခဲ့သော ဇွန်လ ၁၈ ရက်က ပန်ဆန်းမြို့သို့ သွားရောက်၍ UWSP နှင့် ဆွေးနွေးခဲ့ပြီးနောက် ယခုကဲ့သို့ ဖြစ်လာခြင်းဖြစ်ပြီး ပိုမိုကောင်းမွန်သည့် နိုင်ငံရေး အခင်းအကျင်းများ ရရှိရေးအတွက် အသေးစိတ် ဆွေးနွေးနေခြင်းဖြစ်ကြောင်း NSPNC ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ရာပြည့် က ဆိုသည်။
UWSP ၏ နိုင်ငံရေး လိုလားချက်များနှင့် ပတ်သက်၍ ၎င်းတို့ ရေးဆွဲ၊ ချိုးဖောက်၊ ချုပ်ကိုင်ထားသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ပြီး ပူးပေါင်းမှုအပေါ် အခြေ ခံကာ ဆွေးနွေးနေကြောင်း ရွေးတုအစိုးရက ပြောကြားထားသည်။
စစ်အုပ်စု အသွင်ပြောင်း ရွေးတုအစိုးရသည် စစ်ရှုံးဒေသများကို အပြင်း အထန် စစ်ရှိန်မြှင့်ကာ ဗုံးကြဲတိုက်ခိုက်နေသော်လည်း တစ်ဖက်တွင် ငြိမ်းချမ်းရေး အကြောင်းပြ၍ ထိတွေ့ဆက်ဆံနေသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ (EROs) နှင့် တွေ့ဆုံလျက်ရှိရာ UWSP လည်း အပါအဝင်ဖြစ်သည်။
“ဝ” တပ်ဖွဲ့ (UWSP) သည် အပစ်ရပ်စာချုပ် (NCA) လက်မှတ်ရေးထိုးထားခြင်းမရှိသော မြောက်ပိုင်းညီနောင်အဖွဲ့များဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ (FPNCC) ၏ ဦးဆောင်သူ ဖြစ်သော်လည်း ရွေးတုအစိုးရနှင့် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ထိတွေ့ဆက်ဆံလျက်ရှိသည်။
လက်ရှိ တွေ့ဆုံမှုတွင် ၎င်းတို့၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ထောက် ခံ၍ မူးယစ်ဆေးဝါးနှင့် အွန်လိုင်းလိမ်လည်မှုများ တိုက်ဖျက်သွားမည်ဟု UWSP ဒုဥက္ကဋ္ဌ ဦးကျောက်ကော်အန်း က ပြောဆိုကြောင်း ရွေးတုအစိုးရ၏သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် UWSP ဒုဥက္ကဋ္ဌ က စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရွေးတုသမ္မတ ဖြစ်လာမှုကို ထပ်လောင်း ဂုဏ်ပြုခဲ့ပြီး ပြည်ထောင်စု မပြိုကွဲရေးမူကို စောင့်ထိန်းကာ လက်တွေ့ကျသော ပူးပေါင်းမှုများ ပြုလုပ်နေသည်ဟု ထည့်သွင်းပြောဆိုခဲ့ကြောင်း ဖော်ပြထားသည်။
ဧရာဝတီတိုင်းမ်အနေဖြင့် ရွေးတုအစိုးရ၏ ထုတ်ပြန်မှုနှင့် ပတ်သက်၍ နှစ်ရက်တာ တွေ့ဆုံမှုအတွင်း မည်သည့် ကိစ္စရပ်များကို အဓိကထား ဆွေးနွေးခဲ့သည်ဆိုသည်ကို သိရှိနိုင်ရန် UWSP လားရှိုး ဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရန်း ထံ ဆက်သွယ် မေးမြန်းထားဆဲ ဖြစ်သည်။
ဓာတ်ပုံ – MOI