ဧရာဝတီတိုင်းမ်
ဩဂုတ် ၄ ရက်
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ် ရေဘေးတွင် မြေပြင်ကယ်ဆယ်ရေး ပရဟိတအဖွဲ့များ ရေယာဉ် မလုံလောက်မှုနှင့် စက်သုံးဆီ ပြတ်လပ်မှုများ ကြုံတွေ့နေရသည်။ သို့သော် ဒေသတွင်း အသင့်ရှိနေသည့် အရင်းအမြစ်များကို စီမံခန့်ခွဲပေးရမည့် တိုင်းရွေးတုအစိုးရသည် ထိရောက်သည့် ကူညီမှုမရှိဘဲ ဟန်ပြလုပ်ဆောင်ချက်များသာ ပြုလုပ်နေကြောင်း ဒေသခံများနှင့် ကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။
ထို့အပြင် လက်ရှိ ရေဘေးအန္တရာယ်ကို အကြောင်းပြု၍ လမ်းဆုံလမ်းခွများ၊ လူမှုကွန်ရက် စာမျက်နှာများတွင် လိမ်လည်အလှူခံသည့် အဖွဲ့အစည်းများနှင့် လူတစ်စု ပေါ်ပေါက်နေသော်လည်း ရွေးတုအစိုးရအနေဖြင့် မြေပြင်တွင် ထိရောက်စွာ တားဆီးအရေးယူခြင်း မရှိဘဲ သတိပေးချက် ထုတ်ပြန်ရုံမျှသာ ဆောင်ရွက်နေသည့်အပေါ် တာဝန်ယူမှု ကင်းမဲ့လွန်းကြောင်း ပြစ်တင်ဝေဖန်မှုများ ရှိသည်။
မြန်မာနိုင်ငံ အနှံ့အပြားမှ လာရောက်ကြသည့် ပရဟိတ ကယ်ဆယ်ရေးအဖွဲ့များသည် မိမိတို့၏ Speed Boat များကို ဝေးကွာသော ဒေသများမှ ခက်ခက်ခဲခဲ သယ်ဆောင်လာကြရပြီး ရေယာဉ် မလုံလောက်မှုကြောင့် မနိုင်ဝန်ကို ထမ်းရွက်နေရကြောင်း သိရသည်။

သို့သော် တစ်ဖက်တွင်မူ ဧရာဝတီတိုင်းအတွင်းရှိ ငွေဆောင်၊ ချောင်းသာနှင့် ဂေါ်ရန်ဂျီ စသည့် ကမ်းခြေ များ၌ မိုးရာသီ ခရီးသွားရာသီ ပိတ်သိမ်းထားမှုကြောင့် ရာနှင့်ချီသော ပုဂ္ဂလိက အပျော်စီး Speed Boat များ ကုန်းပေါ်တွင် အနားပေး ရပ်နားထားသည်။
“အဝေးကလာတဲ့ ပရဟိတအဖွဲ့တွေ Speed Boat မလောက်မငှနဲ့ ရေပြင်ကျယ်ကြီးထဲ ခက်ခက်ခဲခဲ ကူညီနေရချိန်မှာ၊ အနီးအနား ကမ်းခြေတွေမှာ အားလပ်နေတဲ့ Speed Boat တွေကို စနစ်တကျ စီမံပြီး ချိတ်ဆက်မပေးနိုင်တာဟာ အစိုးရရဲ့ အရေးပေါ် စီမံခန့်ခွဲမှု အားနည်းချက်ကို မီးမောင်းထိုးပြနေတာပါ” ဟု မြေပြင်ကူညီပေးနေသူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ရွေးတုအစိုးရအနေဖြင့် အရေးပေါ် သဘာဝဘေးအန္တရာယ် ကျရောက်နေချိန်တွင် ဒေသတွင်း ရရှိနိုင် သော အရင်းအမြစ်များကို ပေါင်း စပ်ညှိနှိုင်း ပံ့ပိုးပေးရမည့် အဓိက တာဝန်ရှိသော်လည်း စက်သုံးဆီ ပံ့ပိုးပေးခြင်း၊ ရေယာဉ်များ ချိတ်ဆက်ပေးခြင်းမျိုးပင် လုံးဝ မတွေ့ရဘဲ တိုင်းဝန်ကြီးချုပ်၏ ကွင်းဆင်းဆောင် ရွက်မှုများအတွက် မီဒီယာ ရိုက်ကူးရေးသာ ဟန်ပြလုပ်ဆောင်ချက်များ ဖြစ်နေ ကြောင်း သိရသည်။
လက်ရှိတွင် လေးမျက်နှာမြို့ပေါ်ရှိ ရပ်ကွက် ငါး ခုနှင့် ကျေးရွာပေါင်း ၄၀ ကျော် ရေအောက် ရောက်ရှိနေပြီး ပြည်သူ သောင်းနှင့်ချီ၍ ရေဘေးသင့်နေသည့်အပြင် စပါးစိုက်ဧက ထောင်ပေါင်းများ စွာလည်း ရေလွှမ်းမိုးခံထားရသည်။ ထို့အပြင် မြို့နယ်အတွင်းရှိ စာသင်ကျောင်း ၇၀ ကျော်ကိုလည်း ယာယီ ပိတ်ထားရသည်။
ရေမကြီးမီကတည်းက ရေကာတာ အခြေအနေကို သတိပေးမှုများ ရှိခဲ့သော်လည်း သက်ဆိုင်ရာက ကြိုတင်ပြင်ဆင်မှု အားနည်းခဲ့ခြင်းကြောင့် ယခုကဲ့သို့ ဆိုးရွားစွာ တာကျိုးရခြင်းဖြစ်ကြောင်း ဒေသခံ အချို့၏ ပြောဆိုမှုများရှိသည်။
လက်ရှိ မြေပြင်တွင် ရွေးတုသမ္မတ မင်းအောင်လှိုင် ဦးဆောင်သော ရွေးတုအစိုးရ၏ ထောက်ပံ့မှုများ ရှိနေသည်ဟု ဆိုသော်လည်း ထောင်နှင့်ချီသော ရေဘေးသင့် ပြည်သူများအတွက် စားနပ်ရိက္ခာ၊ သောက်သုံးရေနှင့် အရေးပေါ် ဆေးဝါးများ လုံလောက်မှု မရှိသေးဘဲ ပြတ်တောက်မှုများ ကြုံတွေ့ နေရသည်။
ကယ်ဆယ်ရေး လှေများအတွက် စက်သုံးဆီ ရှာဖွေရခက်ခဲခြင်းနှင့် ပြတ်လပ်မှုများကြောင့် ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများ ကြန့်ကြာနေရပြီး ရွေးတုအစိုးရ ထောက်ပံ့မှုထက် ဒေသခံ ပရဟိတ အသင်းအဖွဲ့များနှင့် အလှူရှင်များ၏ ကိုယ်ထူကိုယ်ထ ကယ်ဆယ်ရေးစနစ်ကိုသာ အဓိက အားကိုး နေရကြောင်း သိရသည်။
ဓာတ်ပုံ-လူမှုကွန်ရက်