‎ဧရာဝတီတိုင်းမ်
‎ဩဂုတ် ၄ရက်

‎ဧရာဝတီနှင့် ရခိုင်အစပ်ကို ပြန်လည်ထိုးစစ်ဆင်မည်ဆိုကာ အင်အားအလုံးအရင်းနှင့် တက်သွားသည့် ရွေးတုအစိုးရစစ်တပ်၏ တပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာများစွာဖြင့် ပြန်ဆင်းလာနေရကြောင်း သိရသည်။

‎ပြီးခဲ့သည့် ဇူလိုင် ၂၈ရက်မှ ဇူလိုင် ၃၀ရက်နေ့အထိ စစ်တပ်က အင်အား ၅၂၀ ခန့်ကို စက်ဒေါင့်ကြီးမှတဆင့် သာပေါင်းမြို့နယ် ဘုရားကြီးစခန်းနှင့် ရေကြည်မြို့နယ် ကမ္ဘားကြီး စစ်စခန်းများကို ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။

‎ယခု ဩဂုတ် ၁ရက်နေ့နှင့်၂ရက်နေ့တွင် ရေကြည်နှင် ဂွအစပ်ရှိ ဆုံးရှုံးစခန်းများဆီ ပို့လွှတ်ခံရသည့် စစ်တပ် တပ်ဖွဲ့ဝင်များ အတိုအပြတ်ဒဏ်ရာများဖြင့် စက်ဒေါင့်ကြီးဆီပြန်လည်ရောက်ရှိလာနေပြီး ပုသိမ်ဘက်ကို ဆက်လက်ပို့ဆောင်ရန် စီစဉ်ထားကြောင်း သိရသည်။

‎”မနေ့ကအထိကို ဒဏ်ရာဗရပွနဲ့ပြန်ရောက်လာတာ ၂၀အနည်းဆုံးပဲ။ တဖွဲဖွဲနဲ့ ကျိုးကန်းပြီးပြန်ဆင်းလာနေတယ်။ မြို့ပေါ်တွေ ကားတွေနဲ့ဆက်ပို့တယ်လို့ သိထားတယ်” ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

‎ယမန်နေ့ ဩဂုတ် ၃ရက်နေ့ကလည်း ရိက္ခာတင်ကားကြီး နှစ်စီး လုံခြုံရေးအပြည့်ဖြင့် ကမ္ဘားကြီး လက်နက်ကြီးအခြေစိုက်စခန်းဘက်ထွက်ခွါသွားသည်။ ထို့အပြင် ဩဂုတ် ၁ရက်နှင့် ၂ရက်နေ့ကလည်း စစ်သုံးကားကြီး ခြောက်စီး အင်အား ၂၀၀ ခန့်မှာလည်း ခဲယမ်းနှင့် ရိက္ခာများတင်ကာ လက်လွှတ်ဆုံးရှုံးထားရသည့် နယ်မြေများကို ပြန်ထိုးစစ်ဆင်ရန်ဟုဆိုကာ ရေကြည်ဘက် ပို့ဆောင်ခံရကြောင်း သိရသည်။

‎ဂွမြို့နယ်ကိုဦးတည်ထိုးစစ်ဆင်ရန်ဆိုကာ အင်အားအလုံးအရင်းပို့ဆောင်ခံရသည့် တပ်ဖွဲ့များမှာ ဆုံရှုံးထားသည့် ပွိုင့် ၂၂၇ ကာကင်းစခန်းများအနီးနှင့် အခြားလက်လွှတ်နယ်မြေများ ပြန်ရရှိရေးကို အသည်းအသန်ကြိုးပမ်းနေရခြင်းဖြစ်သည်။

‎ဇူလိုင်နောက်ဆုံးပတ်နှင့် ယခု ဩဂုတ် ပထမပတ်အတွင်း စစ်တပ်က သာပေါင်းနှင့် ရေကြည်ဘက်ကို အင်အား ၇၀၀ ခန့်ပို့ဆောင်ထားပြီး စစ်အခြေစိုက်စခန်းများတွင် ဗျူဟာမှူးအဆင့်ထိထိုင်ခိုင်းကာ ပုသိမ်အတွက်ပါ ခံစစ်ဆင်သည့် အခြေအနေထိ ပြုလုပ်ထားပြီးဖြစ်သည်။