ဧရာဝတီတိုင်းမ်
ဩဂုတ် ၄ ရက်
ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်အတွင်းရှိ ရွေးတုအစိုးရစစ်တပ်၏ ရွှေဘုန်းမြင့်ကျေးရွာစခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက ဩဂုတ် ၃ ရက် ညနေပိုင်းတွင် အပြီးသတ်တိုက် ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
KIA နှင့် KPDF ပူးပေါင်းတပ်များသည် ယမန်နေ့ ဩဂုတ် ၃ ရက် ညနေ ၅ နာရီ ၃၀မိနစ်ခန့်က ရွှေဘုန်းမြင့်စခန်းကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်း ဖြစ်ပြီး စစ်တပ်ဘက်မှ ဒဏ်ရာရရှိသူ များကိုပင် ကယ်ထုတ်နိုင်ခြင်းမရှိဘဲ အလျင်အမြန် ဆုတ်ခွာထွက်ပြေးသွားခဲ့ရကြောင်း သိရသည်။
ထို့နောက် စစ်တပ်ဘက်မှ တိုက်လေယာဉ် သုံး စင်း၊ Y12များဖြင့် လေကြောင်းမှနေ၍ ညအချိန်ထိ ပြန်လည်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ ယနေ့ ဩဂုတ် ၄ ရက်နေ့ နံနက်ပိုင်းတွင် စစ်တပ်ဘက်မှ တန်ပြန်ထိုးစစ်များ ပြုလုပ်နိုင်ရန် စစ်ဆင်ရေးများ အရှိန်မြှင့်ဆောင်ရွက်နေပြီး တိုက်ပွဲများ ဆက်လက် ပြင်းထန်နေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။
”ပစ်ခတ်နေတာတော့ မနေ့ကနေ ဒီမနက်ထိမနားသေးဘူး။ လက်နက်ငယ်သံတွေပါကြားရတယ်။ Y12 လည်းအထက်ဘက်ကိုပစ်နေတာ ညကတည်းက” ဟု ဒေသခံ သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ရွှေကူမြို့အထက်ဘက်ရှိ ငါးဘတ်ကြီး၊ ပန်းတင်၊ တော်လှန် စသည့် ကျေးရွာများတွင် ဩဂုတ်လ ၃ ရက်နေ့ တစ်နေကုန် နီးပါး လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများ ဆူညံနေခဲ့ပြီး ယနေ့ ဩဂုတ် ၄ ရက်နေ့ နံနက်ပိုင်းအထိ ပစ်ခတ်မှုများ မနားတမ်း ဖြစ်ပွားနေကြောင်း သိရသည်။
တိုက်ပွဲအခြေအနေများ လုံးဝ မကောင်းမွန်သေးသည့်အတွက် အဝေးသို့ ရောက်ရှိနေသည့် ဒေသခံ များအနေ ဖြင့် ရွှေကူမြို့အတွင်းသို့ ပြန်လည်ဝင်ရောက်ခြင်း မပြုကြသေးဘဲ ဘေးကင်းရာမှ စောင့်ကြည့် ကြပါရန် ဒေသတွင်း လူမှုအဖွဲ့အစည်းများက အသိပေး နှိုးဆော်ထားသည်။
ပြီးခဲ့သည့် ဇူလိုင် ၂၉ ရက်နေ့ကလည်း စစ်တပ်ကပစ်ခတ်ခဲ့သည့် လက်နက်ကြီးကျည်များ ငါးဘတ်ကြီး ကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် (၁၂) နှစ်အရွယ် ကလေးငယ် တစ်ဦးအပါအဝင် လူနှစ်ဦး ထိခိုက်သေဆုံးခဲ့ရသည်။
ထို့အပြင် ငါးဘတ်ကြီးကျေးရွာရှိ နေအိမ်များ၊ စာသင်ကျောင်းများနှင့် ဘုန်းတော်ကြီးကျောင်းများ ထိခိုက် ပျက်စီးမှုများရှိနေပြီး ကျေးရွာမှ ထွက်ခွာနိုင်ခြင်းမရှိသည့် ကျောင်းသူ၊ ကျောင်းသားများသည် လက်ရှိတွင် ခေတ္တခိုလှုံရေး စခန်းများဖြစ်သည့် ညောင်ကုန်း အမှတ် (၁) မူလတန်းကျောင်းနှင့် အခြားပတ်ဝန်းကျင်ကျောင်းများတွင် ပညာသင်ကြားနေကြရကြောင်း သိရသည်။
ပုံစာ-KIA တပ်ဖွဲ့ဝင်များ (ပုံဟောင်း)