ဧရာဝတီတိုင်းမ်
ဩဂုတ် ၄ ရက်
အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခွင့်ရရှိခဲ့ တာဟာ သူမရဲ့ ကျန်းမာရေး အခြေအနေနဲ့ ပတ်သက်ပြီး မိသားစုဝင်တွေနဲ့ ထောက်ခံသူတွေကြား ကာလ ရှည်ကြာ စိုးရိမ်မှုတွေကို သက်သာရာရစေခဲ့တယ်လို့ ဗြိတိန်အစိုးရက ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှား ရှိနေသေးကြောင်း အထောက်အထား ရရှိလာတာဟာ ကာလရှည် မရေမရာ ဖြစ်နေမှုအပြီးမှာ ပေါ်ပေါက်လာတာ ဖြစ်ပေမဲ့ လက်ရှိ အခြေအနေဟာ လုံလောက် မှု မရှိသေးဘူးလို့ ဗြိတိန်အစိုးရက ထောက်ပြပါတယ်။
ဗြိတိန် ပါလီမန်ဆိုင်ရာ ဒုတိယဝန်ကြီး ဘာရွန်နက်စ်ဝင်းတားတန်က ဩဂုတ်လ ၃ ရက်နေ့မှာ လူ မှုကွန်ရက် X မှာ ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက်ဖမ်းဆီးထားတဲ့အပေါ် ဗြိတိန်အစိုးရက အလွန်အမင်း စိုး ရိမ်ပူပန်မိကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ မြန်မာနိုင်ငံမှာ မတရား ဖမ်းဆီးထိန်းသိမ်းခံထားရသူအားလုံးကို ချက်ချင်း ပြန်လွှတ်ပေးဖို့ ဗြိတိန်အစိုးရက တောင်းဆိုထားပါတယ်။
ဗြိတိန်အစိုးရက မြန်မာနိုင်ငံရဲ့ အခြေအနေတွေကို စောင့်ကြည့်နေပြီး မတရားဖမ်းဆီးခံထားရသူ တွေ လွတ်မြောက်ရေးအတွက် တောင်းဆိုမှုတွေကို ဆက်လက် လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။
ကိုးကား – X
Ref: Statement on the International Committee of the Red Cross’ meeting with Aung San Suu Kyi